မြန်မာ့အရေး အာဆီယံ ကြိုးပမ်းမှု တရုတ် ထောက်ခံတယ်လို့ပြော

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ပြန်လည်စတင်ဖို့ တရုတ်နိုင်ငံက လိုလား တဲ့အတွက် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း၊ တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ (Wang Yi) က ဇွန်လ (၇) ရက် မနေ့က ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်း (Chongqing) မြို့မှာ၊ ဇွန် ၇ ရက်ကနေ ၈ ရက်နေ့အထိ ကျင်းပနေတဲ့ တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးအတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ တရုတ် အစိုးရဲ့ရပ်တည်ချက်ကို ရှင်းပြစဉ်အတွင်း ထည့်သွင်းပြောဆိုခဲ့တာပါ။

မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အစုအဖွဲ့အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာတရုတ်ရဲ့ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်သလို၊ တည်ငြိမ်မှုတွေ ထိန်းသိမ်းဖို့နဲ့ အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ဖို့ လိုအပ်ကြောင်းလည်း ဝမ်ယိ က ပြောပါတယ်။

တရုတ်အနေနဲ့ ဥပဒေဘောင်ထဲကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ အစုအဖွဲ့အားလုံးကို တိုက်တွန်းလိုပြီး မြန်မာ့အရေးမှာ တရုတ်ဟာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာ ဆက်ရှိနေမှာဖြစ်ကြောင်း၊ ပြည်သူတွေ စားဝတ်နေရေး ပြေလည်ဖို့အပါအဝင် အကျိုးစီးပွားနဲ့ ရပိုင်ခွင့်တွေ အာမခံချက်ရှိဖို့၊ မြန်မာ့စီးပွားရေး ပြန်လည် နလန်ထူစေဖို့ တရုတ်က ပူးပေါင်းကူညီမယ်လို့လည်း ပြောပါတယ်။ တခြားနိုင်ငံတွေအနေနဲ့ မြန်မာအပေါ် တစ်ဖက်သတ် ပိတ်ဆို့ အရေးယူမှုတွေနဲ့ မသင့်လျော်တဲ့ ကြားဝင်မှုတွေကို ရှောင်ရှားဖို့အတွက် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ စည်းမျည်း၊ စည်းကမ်းနဲ့ ရည်ရွယ်ချက်တွေကို လိုက်နာဖို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ က တိုက်တွန်းခဲ့ပါတယ်။

"တရုတ်နဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံ အကျိုးရှိဖို့ထက် စစ်ကောင်စီအတွက် အကျိုးရှိဖို့ ပိုများတယ်"

မစ္စတာ ဝမ်ယိက အခုလို တိုက်တွန်းနေပေမယ့် အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုသာ တွေ့ဆုံခဲ့ပြီး၊ အဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ဆုံခဲ့သလို၊ မကြာခင်က နေပြည်တော်ကို လာရောက်ခဲ့တဲ့ ရန်ကုန်ရှိ တရုတ်သံအမတ်ကလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်နဲ့သာ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့အပေါ် နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအကဲခတ်တွေနဲ့ ပြည်သူအများစုက ဝေဖန်ခဲ့ကြ ပါတယ်။

သေနင်္ဂမဟာဗျူဟာ အဖွဲ့က ဦးသိန်းထွန်းဦးကတော့ တရုတ်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကနေ မြန်မာအတွက် အပြုသဘောဆောင်တဲ့ ရလဒ်ထွက်လာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ဖြေရှင်းဖို့ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံတို့က ကြိုးပမ်းကြတဲ့အထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို လုံလောက်တဲ့ ထိတွေ့ ဆက်ဆံမှုတွေ မရှိလို့ စိုးရိမ်ပူပန်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ထံ NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ် ဇင်မာအောင်က မနေ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

minaunghlaing-brunei-asean.jpg
(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာဆီယံဥက္ကဋ္ဌနဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ ဇွန် ၃ ရက်နေ့က တွေ့ဆုံစဉ်) Photo: Myanmar Military

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် တရုတ် သံရုံးက ရည်ညွှန်းခဲ့တဲ့အပေါ် NUG အစိုးရက အလေးအနက် ရှုတ်ချကြောင်း ပေးစာမှာ ဖော်ပြပါတယ်။ တရုတ်ပြည် ချုံကျင်းမြို့မှာ အခုကျင်းပနေတဲ့ တရုတ်အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး နှစ် ၃ဝ ပြည့်အခမ်းအနားမှာ NUG အစိုးရ ပါဝင်ဆွေးနွေးခွင့် ကို တရုတ်ကရော အာဆီယံ ဘက်ကပါ ဖိတ်ခေါ် ကမ်းလှမ်းမှု မရှိခဲ့တဲ့အပေါ်မှာလည်း ပျက်ကွက်မှုတစ်ခု အဖြစ် NUG က ‌ထောက်ပြထားပါတယ်။

စစ်ကောင်စီဟာ မြန်မာပြည်သူကို ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်တဲ့ အတွက် ဒီအဖွဲ့ကို တရားဝင်မှုရှိအောင် ကြိုးပမ်းတာဟာ နှစ်နိုင်ငံ ပြည်သူတွေအကြား ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေနိုင်တယ်လို့ လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ရှိလာဖို့က တရားဝင်တဲ့ အစိုးရကို အာဏာပြန်အပ်မှပဲ ဖြစ်လာမှာ ဖြစ်ကြောင်း၊ ဒီလိုမဟုတ်ရင်တော့ အရှေ့တောင်အာရှမှာ လုံခြုံရေးဆိုင်ရာ အကျပ်အတည်း ပေါ်ပေါက်လာမှာ ဖြစ်ကြောင်း၊ NUG အစိုးရအနေနဲ့ မြန်မာ့အခြေအနေတွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းနဲ့ ဆွေးနွေးလိုပါကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ထံ မနေ့က ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

တရုတ်နဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံအတွက် အကျိုးရှိဖို့ထက် စစ်ကောင်စီအတွက် အကျိုးရှိဖို့ ပိုများတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

အင်္ဂါနေ့ကတော့ အာဏာသိမ်းစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံမှာ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်မှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။ ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ အဆုံးသတ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ဒေသတွင်းနိုင်ငံတွေက မြန်မာစစ်အစိုးရကို ဖိအားပေးခဲ့ ကြတာပါ။ ဒါပေမဲ့ စစ်အစိုးရက ထုံးစံအတိုင်း မလိုက်နာသလောက် ဖြစ်နေဆဲ၊ အခြေအနေတွေ တိုးတက်မှု နှေးကွေးနေဆဲမို့ စိတ်ပျက်ရကြောင်း အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။ တရုတ်ပြည်မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ အစည်းအဝေးပွဲမှာ ပြောဆိုခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးကတည်းက လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ဖိနှိပ်ဖြိုခွဲမှုတွေကြောင့် အခုထိ သေဆုံးသူ အနည်းဆုံး ၈၅၀ ဝန်းကျင်၊ ဖမ်းဆီးခံရသူ ၄၅၀၀ ကျော် ရှိပါတယ်။ အကြမ်းဖက်တာတွေ ရပ်တန့်ဖို့၊ နိုင်ငံရေးအရ ဖမ်းဆီး ထိန်းသိမ်းခံရသူတွေကို အမြန် ပြန်လွှတ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ကလည်း အခြေအနေတွေကို နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ့အရေးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောလိုက် ပါတယ်။