လက်ပံတောင်း ကြေးနီစီမံကိန်း မကြာခင် ပြန်လည်စတင်ဖို့ ဝမ်ပေါင်ကုမ္ပဏီ မျှော်လင့်


2013.06.20
lpt-305.jpg လက်ပံတောင်းတောင်ပုံ
Photo: RFA

လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေး စီမံကိန်းကို မကြာခင် ပြန်လည်အကောင်အထည်ဖော်ဖို့ သတိနဲ့ အကောင်းမြင်တယ်လို့ အဲဒီစီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ မစ္စတာဂမ်းရီ (Geng Yi) က တရုတ်အစိုးရပိုင် ချိုင်းနားဒေးလီး သတင်းစာကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဟာ မြန်မာနိုင်ငံမှာ  ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး  စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်ပြီး၊ မြေယာ သိမ်းယူခံရမှု၊ သဘာဝပတ်ဝန်းကျင်  ထိခိုက်ပျက်စီး မှုတွေကြောင့် ဒေသခံတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက  ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့အတွက် မနှစ်က နိုဝင်ဘာ လကုန်ပိုင်းကစလို့  ရပ်နားထားတာဖြစ်ပါတယ်။

ဒါပေမယ့် အခုနှစ်မတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ဝမ်ပေါင်ကုမ္ပဏီအတွက် ဒီစီမံကိန်းနဲ့ ပတ်သက်လို့ မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစုံစမ်းရေးကော်မရှင် အစီရင်ခံစာထဲမှာ စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဖို့ အကြံပြုထားပြီး၊ ပွင့်လင်းမြင်သာမှုရှိစေရေး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး၊ ထိုက်တန်တဲ့ လျော်ကြေးငွေပေးအပ်ရေးစတဲ့ ဒေသခံတွေရဲ့ စိုးရိမ်မှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ အကြီးအကဲ မစ္စတာဂမ်းရီကတော့ အစီရင်ခံစာပါ တိုက်တွန်းချက်ဟာ အပြု သဘောဆုံးဖြတ်ချက်ဖြစ်ပြီး အခြေအနေမှန်ကို ထင်ဟပ်ကြောင်း၊ ဝမ်ပေါင်နဲ့ စီးပွားဖက်ကုမ္ပဏီဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့ဟာ အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက်တွေနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေသလို ဒေသခံတွေအတွက် ပိုပြီးအကျိုးဖြစ်ထွန်းအောင် ဖန်တီးဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။