ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးဒေသမှာ တရုတ်တစ်ရှူးငှက်ပျော စိုက်ပျိုးမှုကြောင့် သဘာဝပတ် ဝန်းကျင် ပျက်စီးပြီး မြေယာပြဿနာတွေဖြစ်ပေါ်နေတဲ့အတွက် အဲဒီကိစ္စကို ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ထည့်သွင်းဆွေးနွေးဖို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က စီစဉ်နေပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ မြေယာ နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍမှာ ဆွေးနွေး တင်ပြနိုင်ဖို့ မြေပြင်မှာ ကွင်းဆင်းနေတယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းစန်းဝေ က RFA ကို ဒီကနေ့ပြောပါတယ်။
"မြေသြဇာတွေဘာတွေ သုံးစွဲနေတာရှိတယ်လေ။ မြေသဘာဝသယံဇာတတွေ ပျက်စီးတာပေါ့။ ပိုက်ဆံရှိတဲ့ လူက ရှိသလိုများများစားစား လာလုပ်သွားတော့ မရှိဆင်းရဲတွေက ဘာမှလုပ်ပိုင်ခွင့်တွေ မရှိတော့ဘူးပေါ့။ ဥပဒေနဲ့ လုပ်တာရှိသလို ဥပဒေမဲ့ မြေနေရာတွေ ပိုင်ဆိုင်ရယူမှုတွေလည်း ရှိနေတယ်။ ကုမ္ပဏီကနေပြီးမှ ဒီ ငှက်ပျောခြံလုပ်ပိုင်ခွင့် မြေတွေဘာတွေလျှောက်ပြီးတော့မှ လုပ်တယ်။ တကယ်လုပ်တဲ့အခါမှာ တရုတ်ကို ခေါ်ပြီးလုပ်တယ်။ ကျနော်တို့ငြိမ်းချမ်းရေး ညီလာခံသွားတက်ရောက်ပြီးမှ တကယ်လို့ ဒီမြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့မှ ကဏ္ဍမှာဆွေးနွေးခွင့် ပါဝင်ရတယ်ဆိုလို့ရှိရင် ဒါ ဥပမာ တစ်ခုအနေနဲ့ ထည့်သွင်းပြောကြားသွားမှာ"
တစ်ရှူးငှက်ပျော စိုက်ပျိုးဖို့အတွက် ပတ်ဝန်းကျင်တောတောင်မြေယာတွေကို ခုတ်ထွင်ရှင်းလင်း ရတာကြောင့် ဒေသခံတောင်သူတွေရေရှည် လုပ်ကိုင်စားသောက်ရမဲ့ မြေနေရာတွေ နဲ့ ကျွဲ၊ နွား စားကျက်မြေတွေလည်း ဆုံးရှုံးနေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် တရုတ်တစ်ရှူးငှက်ပျောစိုက်ပျိုးရာမှာ ဓါတုဗေဒဆေးတွေအသုံးပြုတဲ့အတွက် အဲဒီက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေဟာ မြစ်ချောင်းတွေထဲ စီးဝင်မှုတွေလည်းရှိနေတာပါ။
မြစ်ကြီးနားမြို့နယ်အတွင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဦးလောက်၊ ရွာသစ်၊ တာလောကြီး စတဲ့ ရွာတွေဘက်မှာ တစ်ရှူးငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းအတွက် မြေနေရာကို တိုးချဲ့နေတာကြောင့် ဒေသခံတွေက ကန့်ကွက်နေကြတာပါ။
ဧရာဝတီမြစ်ရိုးတလျှောက် တာလောကြီး၊ ခေါင်ဖူး၊ ရွာသစ်၊ ဦးလောက် စတဲ့ ဒေသဘက်မှာ ရှမ်းတိုင်းရင်းသားတွေ အများစုနေထိုင်ကြတာဖြစ်ပြီး မိရိုးဖလာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုနေကြတာဖြစ်ပါတယ်။
အလားတူ တရုတ်နိုင်ငံသားတွေပါဝင်ပတ်သက်နေတဲ့ တရုတ်တစ်ရှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို ဝိုင်းမော် မြို့နယ်အတွင်းက မန်ဝိန်း၊ စန်းကား၊ ဆိုင်လော်၊ ဂွေထု၊ ရွှေညောင်ပင်၊ တာဆန့် စတဲ့ ဒေသတွေဘက်မှာလည်း ကိုင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြစ်ကြီးနား နဲ့ ဝိုင်းမော်မြို့နယ်အတွင်းမှာ ချန်ရင်ခူး၊ စင်ကြိုင်၊ ဆွတ်ဘွမ်၊ ကျင်းရှင်း ( ထိန်ချုံး ) စတဲ့ ကုမ္ပဏီ ၁၀ ခုလောက် လုပ်ကိုင်နေရာမှာ တချို့ကုမ္ပဏီတွေက တစ်ရှူးငှက်ပျောတွေကို စိုက်ပျိုးပြီး တရုတ်နိုင်ငံကို တင်ပို့နေကြသလို တချို့ကုမ္ပဏီတွေက် စိုက်ပျိုးဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။