မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီလုပ်ငန်းတွေနဲ့ မြန်မာပြည်သူတွေ အကြား အမြင်မရှင်းတာတွေကို ကူညီဆောင်ရွက်ပေးဖို့ ရန်ကုန်မြို့မှာရောက်ရှိနေတဲ့ တရုတ် ကွန်မြူနစ် ပါတီအရာရှိတွေက ပြည်တွင်းနိုင်ငံရေး ပါတီတွေ နဲ့ တွေ့ဆုံပြီး တိုက်တွန်းလိုက်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံခြားရေးတာဝန်ခံ နဲ့ ပြည်တွင်းနိုင်ငံရေးပါတီတို့ ဆီဒိုးနားဟိုတယ်မှာ မနေ့က တွေ့ဆုံရာမှာ အခုလိုတောင်းဆိုတာလို့ အဲဒီတွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြော ပါတယ်။
"ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေက တရုတ်နဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ နည်းနည်းလေး အမြင်မရှင်းတာတွေရှိတယ်ပေါ့၊ နိုင်ငံရေးပါတီတွေကနေပြီးတော့မှ တရုတ်ကွန်မြူနစ်ပါတီတွေရဲ့ သဘောထားတွေ ရှင်းပြတာ နှစ်နိုင်ငံချစ်ချစ်ကြည်ကြည်၊ ရင်းရင်းနှီးနှီးနေချင်ပါတယ်ပေါ့၊ တရုတ်က နည်းလိုချင်ပါတယ်လို့ ကုမ္မဏီတွေ ဘာတွေ၊ ညာတွေဝင်လာတဲ့အခါမှာလည်း တချို့ တရုတ်ကုမ္မဏီတွေဟာ လူမှှုရေးနဲ့ပတ်သက် လို့ ပြုမူဆောင်ရွက်ချက်တွေကို ဒါ မျော်လင့်နေတာတွေရှိပါတယ်၊ တရုတ်ကွန်မြူနစ် ပါတီကနေပြီးတော့ သူတို့ရဲကုမ္မဏီတွေကို တိုက်တွန်းပေးပါမယ်ပေါ့"
ဒါ့အပြင် တရုတ်ကုမ္ပဏီတွေဘက်ကလည်း မြန်မာပြည်သူတွေနဲ့ ဆက်ဆံရေးအဆင်ပြေနိုင်ရေးအတွက် တိုက်တွန်းထားကြောင်း တရုတ်ကွန်မြူနစ်ပါတီအရာရှိတွေက ရှင်းလင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မနေ့က တွေ့ဆုံပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသား များဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စတဲ့ ပါတီ အတော်များများက ကိုယ်စားလှယ် ၅၀ လောက် တက်ရောက်ခဲ့ပါတယ်။
တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ NLD အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။