တရုတ်ပြည်ကို လူကုန်ကူးခံရပြီး၊ မေလ ၂ ရက်မနက် က သူတို့အလုပ်လုပ်ရတဲ့ ကျန်းရှီးပြည်နယ် ကျီယန်းမြို့ I=AG Sound Box စက်ရုံကနေပြန်လာတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အနောက်တောင်ဘက် ငရုပ်ကောင်းမြို့နယ်ခွဲ ဘုရားချောင်းရွာက ရွာသား ၁၅ ယောက်ဟာ မြန်မာနိုင်ငံ မူဆယ်မြို့ဘက်ကို မနေ့က မေလ ၆ ရက်ညမှာ ပြန်ရောက်လာပြီလို့စုံစမ်းသိရှိရပါတယ်။
အဲဒီလူ ၁၅ ယောက်ထဲက ကိုတင်အောင်မြင့်က သူတို့ကို ရွှေလီမှာနေတဲ့ ကိုဘိုဝင်းဆိုသူက ကူညီလိုက်တဲ့အတွက် မြန်မာပြည်ပြန် ရောက်လာတဲ့အကြောင်းအခုလိုပြောပါတယ်။
"သူက တရုတ်ငွေ ၁၅၆ဝ ကို သူကစိုက်ပေးလိုက်တယ်၊သဘောကတော့ ကျနော်တို့ ၁၆ ယောက်ကို လိုက်ပြီး ကယ်ထားလိုက်တာပေါ့ အဲ့ဒီနေရာမှာ ကျနော်တို့ကို ပိုက်ဆံလာပို့ပေးမဲ့ ဇော်မင်းထိုက်ကို ကိုကံနိုင်က ရွှေလီထဲကိုရောက်ပြီးရှာနေပြီ အဲ့ဒီမှာနေ့လည် ၁ နာရီဝန်းကျင်လောက်ရှိလိမ့်မယ် ကိုဇော်မင်းထိုက်နဲ့ အဆက်အသွယ်ပြန်ရတယ် ဖုန်းနဲ့ အဲ့ဒါနဲ့ ကျနော်တို့ကို ကယ်ထားတဲ့သူတွေကို ကျနော်တို့ ပြန်ပြီးတော့ ငွေသွားပြန်ပို့တာပေါ့ မူဆယ်မှာညအိပ်နေတာပေါ့"
သူတို့၁၅ ယောက်ကို တရွာတည်းနေထိုင်တဲ့ ဒေါ်ဝင်းကြည်ဆိုသူက တရုတ်ပြည်မှာ လစာကောင်းတဲ့ အလုပ်အကိုင်ရမယ်လို့ပြောဆိုစည်းရုံးပြီးတဲ့နောက် တစ်ဦးကိုကျပ်ငွေ တစ်သိန်းခွဲဆီ အကျိုးဆောင်ခယူပြီး ဖေဖေါ်ဝါရီလက ပို့လိုက်တဲ့အကြောင်းနဲ့ တရုတ်ပြည်က IAG Sound Box စက်ရုံမှာ လုပ်ခနည်းနည်းနဲ့အလုပ်လုပ်ရတဲ့အကြောင်း၊ ဒါ့အပြင် လစာကိုလည်း ပုံမှန်ရှင်းမပေးတဲ့အတွက် အခက်အခဲတွေဖြစ်ပြီး နောက်ဆုံးမှာ သူတို့လုပ်အားခတွေအကုန်မရပဲ မြန်မာပြည်ကို ပြန်လာကြတဲ့အကြောင်း RFA ကထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ ကိုတင်အောင်မြင့်ကို ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။