ကျားဖြန့်လုပ်ငန်းတွေက တရုတ်နိုင်ငံသား ၁၄၀၀ ကျော် ဒုတိယအကြိမ် နေရပ်ပြန်ပို့မည်
2025.03.05

ကရင်ပြည်နယ် မြဝတီမြို့နယ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေက တရုတ်နိုင်ငံသား ၁၄၀၀ ကျော်ကို ဒုတိယအကြိမ်အဖြစ် မတ်လ ၆ ရက် မနက်ဖြန်က စတင်ပြီး ပြန်လည်ပို့ဆောင်သွားမယ်လို့ ရိုက်တာ သတင်းက မတ်လ ၅ ရက်နေ့မှာ ဖော်ပြပါတယ်။
မနက်ဖြန်ကစပြီး နေ့စဉ် လူ သုံးရာကျော် နေရပ်ပြန်ပို့သွားမယ်လို့ ထိုင်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနက ပြောထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ထိုင်းနိုင်ငံက လွှဲပြောင်းလက်ခံသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို မတ်လ ၆ ရက်နေ့က ၉ ရက်နေ့အထိ လေယာဉ် ၁၉ စီးနဲ့ တရုတ်နိုင်ငံသား ၁၄၃၉ ဦးကို ပြန်လည်ပို့ဆောင်မယ်လို့ ထိုင်းတပ်မတော်က မတ်လ ၅ ရက်နေ့က ထုတ်ပြန်ထားကြောင်း ထိုင်းအခြေစိုက် Khaosod English သတင်းက ရေးသားထားပါတယ်။
မြဝတီမြို့နယ်က ငွေလိမ်လုပ်ငန်းတွေကနေ နိုင်ငံ ၂၈ နိုင်ငံက နိုင်ငံခြားသား ခုနစ်ထောင်ကျော်ကို ရှာဖွေထိန်းသိမ်းခဲ့ပေမဲ့ သက်ဆိုင်ရာနိုင်ငံတွေက ပြန်လက်ခံဖို့ အသင့်မဖြစ်သေးကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြောထားပါတယ်။
အဲဒီနိုင်ငံခြားသား ခုနစ်ထောင်ကျော်ကို KK park၊ မြဝတီအားကစားရုံ၊ BGF ကွပ်ကဲရေးရုံး၊ ရွှေကုက္ကို ရထိုက်ကုမ္ပဏီရုံး နေရာတွေမှာ BGF အဖွဲ့က ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
ဖမ်းဆီးထားသူတွေထဲမှာ တရုတ်နိုင်ငံသား လေးထောင့်ရှစ်ရာကျော်ပါဝင်ပြီး အဲဒီထဲက လူခြောက်ရာကျော်ကိုသာ တရုတ်နိုင်ငံက ပြန်ခေါ်ထားကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့က The Nation သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစတင်ပြီး ပထမအကြိမ်အဖြစ် အွန်လိုင်းငွေလိမ်လုပ်ငန်းက တရုတ်နိုင်ငံသားတွေကို BGF က ထိုင်းနိုင်ငံဘက်ကို သုံးရက်ဆက်တိုက် လွှဲပြောင်းပေးခဲ့ပါတယ်။