မူဆယ်မှာဖမ်းမိတဲ့ အွန်လိုင်းငွေလိမ်သူ တရုတ်နိုင်ငံသား ၃၁၃ ဦးကို ပြန်လည်လွှဲပြောင်း
2024.09.30

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းဆောင်ရွက်နေသူတွေကို ဖမ်းဆီးရမိတဲ့ထဲက တရုတ်နိုင်ငံသား ၃၁၃ ဦးကို တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးလိုက်ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြန်လည်လွှဲပြောင်းလိုက်တဲ့ ၃၁၃ ဦးထဲမှာ တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားတဲ့ တရားခံပြေး ၄၅ ဦး ပါဝင်တယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။
အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်နေသူတွေကို စက်တင်ဘာလထဲမှာ ဖမ်းဆီးရမိခဲ့တာပြီး စက်တင်ဘာ ၂၆ ရက်နေ့က မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ် ရွှေလီမြို့ နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံကို လွှဲပြောင်းလိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ ၃၁၃ ဦးကို လက်ခံရရှိကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနက သတင်းထုတ်ပြန်ကြောင်းလည်း တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက စက်တင်ဘာ ၃၀ ရက်နေ့မှာ ဖော်ပြပါတယ်။
ဒုစရိုက်မှုတွေ အခြေပြုဆောင်ရွက်ခဲ့တဲ့ အဆောက်အဦတွေကိုလည်း ဥပဒေနဲ့အညီ ချိပ်ပိတ်သိမ်းဆည်း အရေးယူသွားမယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၃၁၃ ဦးနဲ့ မြန်မာနိုင်ငံသား ၅၅၇ ဦး စုစုပေါင်း ၈၇၀ ဦးကို စက်တင်ဘာလအတွင်း မူဆယ်မြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကိုဘယ်လို အရေးယူသွားမလည်းဆိုတာကိုတော့ စစ်ကောင်စီက ထုတ်ပြန်တာမရှိသေးပါဘူး။
ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဖမ်းဆီးရမိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂ဝ ဦးကိုလည်း စစ်ကောင်စီက တရုတ်နိုင်ငံကို စက်တင်ဘာလ ၁၉ ရက်နေ့က လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်မှုနဲ့ တရုတ်နိုင်ငံသား ငါးသောင်းကျော်ကို စစ်ကောင်စီက ဖမ်းဆီးပြီး တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့လည်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၉ ရက်နေ့မှာ ပြောထားပါတယ်။
( မှတ်ချက်။ ။ ဤသတင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ ထုတ်ပြန်ချက်ကို ဖြည့်စွက်ရေးသားထားပါသည်။)