တရုတ်-မြန်မာ နယ်စပ်က တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ တရုတ်တိုက်တွန်း
2023.10.27

တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့အကြား စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်လို့ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က အောက်တိုဘာ ၂၇ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
နေ့စဉ်ပုံမှန်ကျင်းပနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက မြန်မာနိုင်ငံမှာ ကိုးကန့်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ သဘောထားကို မေးမြန်းရာမှာ… ပြောရေးဆိုခွင့်ရှိသူ Mao Ning က ဒီပဋိပက္ခအခြေအနေကို တရုတ်နိုင်ငံက အနီးကပ် စောင့်ကြည့်နေပြီး၊ အမြန်ဆုံး အပစ်ရပ်ကြဖို့ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးကို တိုက်တွန်းကြောင်း ပြောပါတယ်။ အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့၊ အခြေအနေ ပိုဆိုးအောင် မလုပ်ဖို့ နဲ့ တရုတ်မြန်မာ နယ်စပ်ဒေသ တည်ငြိမ်မှုကို ပျက်ပြားအောင် မလုပ်ကြဖို့လည်း တိုက်တွန်းကြောင်း ပြောခဲ့ပါတယ်။
မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်း၊ ကွတ်ခိုင် စတဲ့ အရေးပါတဲ့ မြို့ကြီးတွေက စစ်ကောင်စီ တပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီကစလို့ နယ်မြေခွဲပြီး တစ်ပြိုင်တည်း ဝင်တိုက်ခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြောက်ပိုင်းသုံးဖွဲ့ရဲ့ စစ်ဆင်ရေးကို ကြိုဆိုကြောင်းနဲ့ ဒီစစ်ဆင်ရေးနဲ့ ဟန်ချက်ညီတဲ့ စစ်ဆင်ရေးတွေ ပူးပေါင်းဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။