တရုတ်-မြန်မာ ဆက်ဆံရေး တိုးမြှင့်မည်
2018.04.26

မြန်မာနဲ့ တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အခုထက်ပိုမြှင့်တင်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တရုတ်ကွန်မြူနစ်ပါတီတို့ကြားမှာ ပါတီချင်းဆက်ဆံရေး အပြန်အလှန်ဖလှယ်ကြဖို့ ကတိပြုကြတယ်လို့ သိရပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုအပါအဝင် စီးပွားရေးနဲ့လူမှုရေးကဏ္ဍတွေမှာ တရုတ်အစိုးရကပံ့ပိုး ကူညီတာ ကိုကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုတယ်လို့သိရပါတယ်။ ဒါ့အပြင် အဓိကစီမံကိန်းကြီးတွေ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့နဲ့ ပါတီချင်းအြပန်အလှန်ဆက်ဆံရေးဖလှယ် ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။
မြန်မာသမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က တရုတ်ကွန်မြူနစ် ပါတီနိုင်ငံတကာရေးရာဌာနမှူး Song Tao (ဆွန်းတောင်) တို့ ပြီးခဲ့တဲ့အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အသီးသီး တွေ့ကြပြီးတဲ့နောက် အခုလိုကတိပြုပြောဆိုတာလို့ တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။
တရုတ်-မြန်မာဆက်ဆံရေးဟာ အလွန်အရေးကြီးတယ်လို့ သမ္မတဦးဝင်းမြင့်က ပြောလိုက်သလို၊ နှစ်နိုင်ငံအဆင့်မြင့်အရာရှိချင်း ဆက်ဆံရေးဖလှယ်ကြဖို့နဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ကြဖို့မျှော်လင့်တယ်လို့ ဆိုပါတယ်။
တရုတ်ကိုယ်စားလှယ် ဆွန်းတောင်ကလည်း တရုတ်-မြန်မာဆွေမျိုးပေါက်ဖေါ်ဆက်ဆံရေးအတွက် တရုတ်ဘက်ကတန်ဖိုးထားသလို၊ နှစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေးကို တိုးတက်အောင်လုပ်ဖို့ဆန္ဒရှိတယ်လို့ ပြောဆိုပါတယ်။