အတိုးအများဆုံး တရုတ်ကြွေးမြီအမြန်ပြန်ဆပ်ရေး
2019.01.25

မြန်မာနိုင်ငံက တရုတ်ကို ပြန်ပေးရမယ့် အကြွေးဟာ ပြည်ပကြွေးမြီအားလုံးရဲ့ ၄ဝ ရာခိုင်နှုန်းရှိနေပြီး၊ အတိုးများလွန်းတဲ့အတွက် အဲဒီအကြွေးကို မြန်နိုင်သမျှ မြန်မြန်ဆပ်ဖို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက တိုက်တွန်းလိုက်ပါတယ်။ တရုတ်ကို ပြန်ဆပ်ရမယ့် အကြွေးရဲ့ ၉၇ ရာခိုင်နှုန်းက ၁၉၈၈ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်အတွင်း စစ်အစိုးရလက်ထက်က ယူခဲ့တာတွေလို့ သိရပါတယ်။
တရုတ်နိုင်ငံက အကြွေးကို အတိုးနှုန်း ၄.၅ ရာခိုင်နှုန်း ပေးနေရတဲ့အတွက်၊ တခြားချေးငွေ အတိုးနှုန်းတွေနဲ့ ယှဉ်ကြည့်ရင် အများဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် တရုတ်အကြွေးကို အမြန်ဆပ်ဖို့လို အပ်တယ်လို့ ဘဏ်များနဲ့ ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် လွှတ်တော်ကိုယ်စား လှယ်ဒေါ်ချိုချိုက တိုက်တွန်းတာလို့ သိရပါတယ်။ ဒီအကြွေးကို ငွေနဲ့ ပြန်ဆပ်မယ့်အစား ဆန်ပေးပြီး ပြန်ဆပ်ဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက အကြံပြုတယ်လို့ သိရပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံကျော်ရှိနေပြီး၊ ၄ ဘီလျံကျော်က တရုတ်ကို ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ တရုတ်ဆီက ဒေါ်လာ ၄ ဘီလီယံချေးခဲ့ပြီး၊ အဲဒီနောက် ၂ဝ၁၁ ခုနှစ်မှာ ဒေါ်လာ ၂.၇ ဘီလျံ ထပ်ချေးခဲ့တယ်လို့ အစိုးရရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ၂ဝ၁၁ ခုနှစ် ကနေ ၂ဝ၁၆ ခုနှစ်ကြားမှာ ဒေါ်လာ ၃.၁ ဘီလျံ ပြည်ပချေးငွေ ယူခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် နောက်မှာ ဒေါ်လာ ၉၁ သန်းချေးခဲ့တယ်လို့ သိရပါတယ်။
အရင်အစိုးရလက်ထက်မှာလဲ တရုတ်သွင်းကုန်ထုတ်ကုန်ဘဏ်ကနေ အတိုးနှုန်း ၄.၅ ရာခိုင်နှုန်းနဲ့ ဒေါ်လာသန်း ၃ဝဝ ချေးဖို့ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ အခုတိုက်တွန်းချက်နဲ့ ပတ်သက်လို့ အစိုးရဘက်က ပြန်ကြားတာကို လွှတ်တော်က စောင့်နေကြတယ်လို့လည်း သိရပါတယ်။