တရုတ်နိုင်ငံထက် မြန်မာနိုင်ငံ ပိုလွတ်လပ် လာကြောင်း Freedom House ထုတ်ပြန်

လက်ရှိမြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ ထက် ပိုပြီးလွတ်လပ်လာကြောင်း မနေ့ကထုတ်ပြန်တဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ ၂၀၁၃ခုနှစ် ကမ္ဘာတစ်ဝှန်း လွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်က  The Voice ဂျာနယ်နှင့် သတ္တုတွင်း ဝန်ကြီးဋ္ဌာနအမှု   ၁၂ ကြိမ်မြောက် ရုံးချိန်းသို့ရောက်ရှိလာသည့် သတင်းထောက်များကို တွေ့ရစဉ်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်က The Voice ဂျာနယ်နှင့် သတ္တုတွင်း ဝန်ကြီးဋ္ဌာနအမှု ၁၂ ကြိမ်မြောက် ရုံးချိန်းသို့ရောက်ရှိလာသည့် သတင်းထောက်များကို တွေ့ရစဉ်။ (RFA)

၂၀၁၃ခုနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ လွတ်လပ်ခွင့်မှာ အဆိုးတကာ့ အဆိုးဆုံးနိုင်ငံများစာရင်းမှာ ထိပ်ဆုံးက နှစ်စဉ်ရှိခဲ့ပေမယ့် လွတ်လပ်စွာ စီတန်းလှည့်လည်ဆန္ဒပြခွင့်၊ သတင်းလွတ်လပ်ခွင့် တိုးမြင့်ရလာတဲ့အချက်၊ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာတဲ့အချက်တွေကြောင့် နိုင်ငံရေးမှာ လွတ်လပ်စွာပါဝင်ခွင့် အဆင့် ၇ကနေ ၆အထိ တိုးလာသလို ပြည်သူတွေရဲ့ လွတ်လပ်မှုကလည်း ၆ကနေ ၅အထိ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

Freedom House အဖွဲ့က အာရှရေးရာသုတေသီ Sarah Cook က မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေ တိုးတက်လာပေမယ့် ဒါဟာ လက်ရှိအစိုးရအာဏာပိုင်တွေရဲ့ မူဝါဒအရသာ ပြောင်းလဲတာဖြစ်ပြီး စနစ်တခုလုံး ခိုင်ခိုင်ခန့်ခန့်ပြောင်းတာ မဟုတ်သေးတဲ့အတွက် လွတ်လပ်တဲ့နိုင်ငံအဆင့်ကို မရောက်သေးဘူးလို့ RFA ကိုပြောပါတယ်။

ဒီအစီရင်ခံစာမှာ ကချင်ဒေသကစစ်ပွဲနဲ့ ရခိုင်ပြည်နယ်က လူမျိုးရေးပဋိပက္ခတွေရှိ နေသေးတာကိုလည်း ထောက်ပြထားပါတယ်။

မလွတ်လပ်တဲ့နိုင်ငံလို့ အဆင့်အရရှိနေပေမဲ့ နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်ရေးတွေမှာ တရုတ်နိုင်ငံထက် မြန်မာနိုင်ငံက ကျော်လွန်သွားတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ အစီရင်ခံစာမှာတော့ မြန်မာမီဒီယာလောကမှာ အရင်ကထက် ပိုပြီးလွတ်လပ်လာတာတွေရှိသလို၊ ထိန်းချုပ်မှုတချို့ ပြန်လုပ်လာတာတွေလည်းတွေ့မြင်ရကြောင်း ဖေါ်ပြထားပါတယ်။