မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ နှစ်နိုင်ငံဆွေးနွေး

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြုလုပ်ခဲ့သည့် တရုတ်အစိုးရ၏ ခေတ်သစ်ပိုးလမ်းမ BRI စီမံကိန်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် ညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် မိန့်ခွန်းပြောနေစဉ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြုလုပ်ခဲ့သည့် တရုတ်အစိုးရ၏ ခေတ်သစ်ပိုးလမ်းမ BRI စီမံကိန်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် ညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် မိန့်ခွန်းပြောနေစဉ်။ (Reuters)

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ တရုတ်နဲ့ စစ်ကောင်စီတာဝန်ရှိသူတွေ အောက်တိုဘာ ၂၃ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို နေပြည်တော်မှာ သွားရောက်တွေ့ဆုံရာမှာ ခေတ်သစ်ပိုးလမ်းမစီမံကိန်း “Belt and Road” အောက်ကနေ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတာလို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဆီယံနဲ့ကုသလမဂ္ဂမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စအပါအဝင် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်သွားမယ်ဆိုတာကိုတော့ နှစ်ဖက်လုံးက တိတိကျကျ မပြောထားပါဘူး။

တရုတ်နိုင်ငံအနေနဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းနိုင်ရေးလည်း ဒီနှစ်ထဲမှာ အပြင်းအထန်ကြိုးစားနေပါတယ်။

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုလည်း ဒီနှစ်ထဲမှာ ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပြီး အဲ့ဒီလုပ်ငန်းတွေနဲ့ ပတ်သက်နေကြောင်း သံသယရှိသူ ၄၅ဝဝ ကျော်ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံကို လွှဲပြောင်းခဲ့ပါတယ်။