တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ သြဂုတ်ကစပြီး ဘဏ်စနစ်နဲ့ငွေချေဖို့ စစ်ကောင်စီထုတ်ပြန်
2023.06.27
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးမှာ သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လကစပြီး ဘဏ်စနစ်နဲ့ငွေပေးချေရမယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်တင်ပို့မှုကနေရတဲ့ ဝင်ငွေ၊ တခြားဝင်ငွေ ဝင်ရောက်ကြောင်း ဒါမှမဟုတ် ပြည်တွင်းဘဏ်ကနေ နိုင်ငံခြားငွေဝယ်ယူထားတဲ့ အထောက်အထား (Credit Advice)နဲ့ ဘဏ်ငွေစာရင်း ရှင်းတမ်း(Bank Statement) မူရင်းတွေကိုပူးတွဲပြီး ကုန်သွယ်ရေးဦးစီးဌာနကို တင်ပြရမယ်လို့ဆိုပါတယ်။
တင်ပြတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ကုန်သွယ်ရေးဌာနက ဘဏ်ငွေလက်ကျန် စာရင်းထက် မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြုမှာဖြစ်တယ်လို့ ပါရှိပါတယ်။
အခုထုတ်ပြန်ချက်ကြောင့် နယ်စပ်ပို့ကုန် သွင်းကုန်သမားတွေအတွက် အရင်းအနှီး စိုက်ထုတ်ရမှု ပိုများနိုင်သလို ကုန်သွယ်ရေးလုပ်ငန်းစဉ်တွေ အရင်ထက်ပိုကြားသွားနိုင်တယ်လို့ မန္တလေးအခြေစိုက် ဝါရင့်ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက RFA ကိုပြောပါတယ်။
“ပြောရရင်ဗျာ ဒီစနစ်က ဦးသိန်းစိန်အစိုးရ မတက်ခင်အထိ ကျင့်သုံးခဲ့တာ။ ဦးသိန်းစိန်အစိုးရ တက်လာတော့ ဒီစနစ်ကရှုတ်ထွေးလို့ဆိုပြီး ကုန်သည်တွေက ဝိုင်းတင်ပြလို့ မကျင့်သုံးတော့တာ ပြီးခဲ့တဲ့ NLD အစိုးရကာလ အထိပဲ။ ဒီစနစ်မှာကြတော့ ကုန်သည်တွေက ကိုယ်တင်သွင်းမယ့်ငွေပမာဏကို ဘဏ်မှာ အရင်ကြိုသွင်းထားရတာ။ ငွေသွင်းထားတယ်ဆိုတဲ့ ဘဏ်က ထုတ်ပေးတဲ့စာရွက်ပါမှ ကာစတန်တို့ ဘာတို့ကခွင့်ပြုမှာ။ အရင်က အဲလိုမလိုဘူး ကိုယ်ပို့မယ့်ပစ္စည်းအတွက် ဝင်ငွေခွန်တို့ဘာတို့ကို တစ်ခါတည်းဆောင်လိုက်ရင်ရတယ်။ အခုတော့ ကုန်သည်တွေအတွက် ပိုပြီးဝန်ထုပ်ဝန်ပိုးဖြစ်တာပေါ့”
ဒီလုပ်ရပ်ဟာ နယ်စပ်ကုန်သည်တွေရဲ့ နိုင်ငံခြားဝင်ငွေရရှိမှုကို ထိန်းချုပ်ဖို့ လုပ်ဆောင်နေတာလို့လည်း မူဆယ်နယ်စပ်ကုန်သည်တစ်ဦးက မှတ်ချက်ပြုပါတယ်။
တရုတ်နယ်စပ်မှာ ဘဏ်စနစ်ကျင့်သုံးမှုကို သြဂုတ်လ ၁ ရက်နေ့မှာ စတင်မှာ ဖြစ်တာကြောင့် အဲဒီနေ့မတိုင်ခင် ထုတ်ပေးထားတဲ့ သွင်းကုန်လိုင်စင် လျှောက်ထားသူတွေ အနေနဲ့ သြဂုတ် လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပြီးပြတ်အောင်တင်သွင်းဖို့နဲ့ မတင်သွင်းနိုင်ရင် သွင်းကုန်လိုင်စင် ပျက်ပြယ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
ဘဏ်စနစ်နဲ့ဆောင်ရွက်မှုကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ ပထမအဆင့်အနေနဲ့ စတင်ကျင့်သုံးခဲ့တာဖြစ်ပြီး တရုတ်နယ်စပ်မှာတော့ ဒုတိယအဆင့်အနေနဲ့ ဆောင်ရွက်မှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။