တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံရေး တရုတ်အစိုးရ ကြိုးပမ်းနေ

RFA Burmese
2023.11.10
တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံရေး တရုတ်အစိုးရ ကြိုးပမ်းနေ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Wang Wenbin အား ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Reuters

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအခြေအနေတွေကို ထိန်းသိမ်းဖို့ ကြိုးပမ်းနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ အဖွဲ့အစည်းအာလုံးကို အပစ်ရပ်ဖို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဝေါင်ဝမ်ဘင်း (Wang Wenbin) က ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ တိုက်တွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အလွန်စိုးရိမ်ပူပန်ပြီး၊ တရုတ်နိုင်ငံ လုံခြုံရေးအတွက် အာရုံစိုက်ဆောင်ရွက်ကြဖို့နဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံကြားက ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေထဲမှာ တရုတ်နိုင်ငံသားအချို့ သေဆုံးခဲ့တဲ့နောက် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေကို တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို ရှောင်ရှားဖို့လည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း တရုတ်အစိုးရရဲ့လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး နောင်ရောင်ဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဆက်သွယ်ထားတဲ့ တရုတ်-မြန်မာ ဓာတ်ငွေ့ ပိုက်လိုင်းကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ရိုက်တာ သတင်းကဖော်ပြပါတယ်။

ဒါ့အပြင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး နောင်ရောင် (Nong Rong) ဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေနဲ့ တရုတ်နိုင်ငံသားတွေ လုံခြုံရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။