လူကုန်ကူးခံရသူ ၁၅ ဦး တရုတ်ပြည်က ပြန်လာနေပြီ
2014.05.03

တရုတ်ပြည်ကို ဖေဖေါ်ဝါရီလမှာ လူကုန်ကူးသူတွေ ပို့လိုက်တဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်တောင် ဘက် ငရုပ်ကောင်းမြို့နယ်ခွဲ ဘုရားချောင်းရွာက ရွာသား ၁၅ ယောက်ဟာ မေလ ၂ ရက်နေ့ကစပြီး သူတို့အလုပ်လုပ်ရတဲ့ ကျန်းရှီပြည်နယ် ကျီယန်းမြို့ ကနေ မြန်မာနိုင်ငံ မူဆယ်မြို့ဘက်ကို ပြန်လာနေပြီ လို့စုံစမ်းသိရှိရပါတယ်။
အဲဒီလူ ၁၅ ယောက်ထဲက ကိုတင်အောင်မြင့်ဆိုသူကို RFA က တယ်လီဖုန်းအဆက်အသွယ်ရလို့ မေးမြန်း ကြည့်တဲ့အခါ သူက"ကျနော်တို့ကို တရုတ်ပြည်မှာ အလုပ်ကောင်းတယ်ဆိုပြီးတော့ ခေါ်လာတာပေါ့ ကျတော်တို့က ဒီဘက်ရောက်မှ သူတို့ပြောတာတွေ နဲ့ မညီဘူး အဲ့ဒီတော့မှ ဒီဘက်ကိုရောက်မှ သူတို့ လိမ်ခေါ်လာမှန်း သိတယ်၊ လုပ်ရကိုင်ရတာလည်း အဆင်မပြေဘူး သူတို့ပေးတဲ့ ပိုက်ဆံလေးနဲ့ သုံးနေရတော့ ကျနော်တို့လည်း မနေနိုင်တော့ဘူး၊ မနေနိင်တော့ ပြန်ဖို့ဆိုတော့လည်း ကျနော်တို့ကို လိမ်ပြီးတော့ ညာပြီးခေါ်လာတဲ့သူက လှည့်ပတ်ပြီးတော့ အမျိုးမျိုးကျနော်တို့ကို ညှင်းတော့တာပဲ ထုတ်ဖို့ပိုက်ဆံလဲ ထုတ်မပေးချင်တာတို့ဘာတို့ညာတို့ ဒါမျိုးတွေဖြစ်လာတယ်၊ သူတို့ခွင့်ပြုတာက ကျနော် တို့ သုံးလစာလုပ်ထားတာကို သူတို့ ရှင်းမပေးဘူး တရုတ် ယွမ်ငွေ ၇၅ဝ ပေးတယ် အဲ့ဒီ ၇၅ဝ နဲ့ ဖြစ်ချင် ရာဖြစ် ရောက်သလောက်ပြန်မယ်ဆိုပြီး ဒါအခုထုတ်လာတာပါ အပြင်ပကားဂိတ်အထိတော့ မရောက်သေးဘူး ကျနော်တို့ ကားပေါ်မှာဆိုတော့ အခုထွက်လာတာ ၁ နာရီ နီးပါးလောက်တော့ ရှိနေပြီပေါ့"
သူတို့ဟာ IAG Sound Box စက်ရုံမှာ အလုပ်လုပ်ခဲ့ရတာဖြစ်ပြီး အဲဒီစက်ရုံမှာ မြန်မာနိုင်ငံသား အယောက် ၆ဝ လောက် တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီလူတွေမှာ တစ်ယောက်ကို တရုတ်ယွမ်ငွေ ၇ ရာကျော်စီပဲပါလာပြီး မူဆယ်မြို့ကိုရောက်ဖို့ဆိုရင် ယွမ် တစ်ထာင်ကျော်စီကုန်ကျမယ်လို့ သိရတဲ့အတွက် ပိုက်ဆံပြတ်သွားတဲ့နေရာမှာ တရုတ်ရဲစခန်းတစ်ခုကိုဝင်ပြီး အဖမ်းခံကြမယ်လို့လည်း ပြောပါတယ်။
အဲဒီလူ ၁၅ ယောက်ကို တရွာတည်းနေထိုင်တဲ့ ဒေါ်ဝင်းကြည်ဆိုသူက တရုတ်ပြည်မှာ လစာကောင်းတဲ့ အလုပ်အကိုင်ရမယ်လို့ပြောဆိုစည်းရုံးပြီးတဲ့နောက် တစ်ဦးကို ကျပ်ငွေတစ်သိန်းခွဲဆီ အကျိုးဆောင်ခ ယူပြီး ဖေဖေါ်ဝါရီလက ပို့လိုက်တာလို့ လူကုန်ကူးခံရသူတွေထဲက လူငယ်တစ်ယောက်ဖြစ်သူ ကိုအောင်ဇော်သန်းရဲ့အကို ကိုဇော်မင်းထိုက်က ပြောပါတယ်။
တရုတ်ပြည် IAG Sound Box စက်ရုံကို လူမှောင်ခိုကူးခံလိုက်ရတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့ အနောက်တောင်ဖက် ငရုတ်ကောင်းမြို့နယ်ခွဲက လူ ၁၅ ယောက်အကြောင်းနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြပါလိမ့်မယ်။