စစ်ခေါင်းဆောင်ကို တရုတ် အသိမှတ်ပြုမှု NUG ရှုတ်ချ

မြန်မာနိုင်ငံရဲ့အကျပ်အတည်းကိုဖြေရှင်းဖို့ တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံတို့က ကြိုးပမ်းကြတဲ့အထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို လုံလောက်တဲ့ ထိတွေ့ဆက်ဆံမှုတွေ မရှိလို့ စိုးရိမ်ပူပန်နေတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိဆီကို NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ် ဇင်မာအောင်က မနေ့ကပဲ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။
စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် တရုတ်သံရုံးက ရည်ညွှန်းခဲ့တာကို NUG အစိုးရက အလေးအနက် ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံ ချုံချင်းမြို့မှာ အခုကျင်းပနေတဲ့ တရုတ်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး နှစ် ၃ဝ ပြည့်အခမ်းအနားမှာ NUG အစိုးရ ပါဝင်ဆွေးနွေးခွင့် ကို တရုတ်ကရော အာဆီယံဘက်ကပါ ဖိတ်ခေါ်ကမ်းလှမ်းတာ မရှိခဲ့တဲ့အပေါ်မှာလည်း ပျက်ကွက်မှုတခုအဖြစ် NUG က ထောက်ပြထားပါတယ်။
စစ်ကောင်စီဟာ မြန်မာပြည်သူကို ကိုယ်စားပြုတဲ့အဖွဲ့မဟုတ်တဲ့ အတွက် ဒီအဖွဲ့ကို တရားဝင်မှုရှိအောင်ကြိုးပမ်းတာဟာ နှစ်နိုင်ငံ ပြည်သူတွေအကြား ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေနိုင်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုရှိလာဖို့က တရားဝင်တဲ့ အစိုးရကို အာဏာပြန်အပ်မှပဲ ဖြစ်လာမှာဖြစ်ကြောင်း၊ ဒီလိုမဟုတ်ရင်တော့ အရှေ့တောင်အာရှမှာ လုံခြုံရေးဆိုင်ရာ အကျပ်အတည်း ဖြစ်လာမှာ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းနဲ့ NUG အစိုးရက ဆွေးနွေးချင်ပါကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဆီကို မနေ့က ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
အာဆီယံအသင်းရဲ့ ခေါင်းဆောင်နှစ်ဦး ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံကိုရောက်လာပြီး စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပဲ တွေ့ဆုံခဲ့တဲ့အပေါ်မှာလည်း အာဆီယံလွှတ်တော်အမတ်အချို့က ဝေဖန်ခဲ့ကြပါတယ်။