မြန်မာနယ်စပ်မှာ တရုတ်စစ်ရေးလေ့ကျင့်မှုစတင်
2024.04.02

စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ မြန်မာနယ်စပ်အနီးမှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုတွေ စတင်လိုက်တယ်လို့ ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းက ဒီနေ့ ဖော်ပြပါတယ်။
ဧပြီလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ယူနန်ပြည်နယ်အတွင်းက တရုတ်-မြန်မာ နယ်နိမိတ်ထိစပ်နေတဲ့ နေရာနှစ်ခုမှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှာဖြစ်ပြီး စစ်ရေးလေ့ကျင့်ချိန်အတွင်း သတ်မှတ်နယ်မြေတွေထဲ လူတွေကို ဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုမှာ တရုတ်စစ်တပ်ရဲ့ ကုန်းကြောင်းနဲ့ ရေကြောင်း လေ့ကျင့်မှုတွေ ပါဝင်မှာဖြစ်သလို ပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်မှုတွေပါဝင်မှာ ဖြစ်တယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Tian Junli က ပြောတဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
PLA ပြောခွင့်ရှိသူ Tian ဟာ … စစ်တပ်ဟာ အရေးပေါ်အခြေအနေတွေအတွက် ပြင်ဆင်ထားပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ကာကွယ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားတဲ့အကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး လက်နက်ကြီးကျည်နှစ်လုံး တရုတ်ပိုင်နက်ထဲကို မတ်လ ၂၇ ရက်နေ့က ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မိုင်ဂျာယန်က ဒေသခံတွေက RFA ကို အဲဒီနေ့က ပြောထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာလည်း စစ်ကောင်စီက လိုင်ဇာကို ပစ်ခတ်တဲ့ လက်နက်ကြီး တရုတ်နိုင်ငံထဲ ကျပြီး နေအိမ်တစ်လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးအတွင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ နန်ဆန်ရွဲထဲ လက်နက်ကြီးကျလို့ တရုတ်နိုင်ငံသား ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြောထားပါတယ်။
တရုတ်အစိုးရဟာ မြန်မာပြည်တွင်း မတည်ငြိမ်မှုတွေကြောင့် နယ်စပ်တည်ငြိမ်ရေးကို စိုးရိမ်ကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိပြီး စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့အကြား ကြားဝင်ဆွေးနွေးညှိနှိုင်းတာတွေ ရှိခဲ့ပါတယ်။