တရုတ်ချေးငွေ မွေးမြူရေး သမားတွေ ၁ သိန်းစီရ
2016.08.05

မွန်ပြည်နယ်က စိုက်ပျိုးရေးနဲ့ မွေးမြူရေး သမဝါယမအသင်းဝင်တွေကို တရုတ် EXIM သွင်းကုန် ထွက်ကုန် ဘဏ်ကနေ ၂ဝ၁၄ ခုနှစ်က စတင်ပြီး အတိုးနှုန်းသက်သက်သာသာနဲ့ အမေရိကန်ဒေါ်လာ ၈၆ သန်းနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ ၁ဝ ဒဿမ ၃ ဘီလီယံ ထုတ်ချေးထားပါတယ်။
ဒီချေးငွေနဲ့ ဘဝတစ်ခုလုံးပြောင်းမသွားပေမယ့် တစုံတရာအတိုင်းအတာထိတော့ အထောက်အကူ ပေးပါတယ်လို့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး သမဝါယမအသင်း တာဝန်ရှိသူ ဦးစိန်ဟန်က ပြောတဲ့အကြောင်း တရုတ်အစိုးရအာဘော် ဆင်ဝှာသတင်းက ဖော်ပြပါတယ်။
ဒါပေမဲ့ မွန်ပြည်နယ်အခြေစိုက် မော်လမြိုင်နေ့စဉ် အွန်လိုင်းသတင်းစာ အယ်ဒီတာ ဉာဏလူကတော့ အသင်းဝင်တွေထက် စီမံဆောင်ရွက်သူတွေက အကျိုးပိုရှိတယ်လို့ ပြောတာပါ။
"နိုင်ငံတကာက ဘဏ်တွေချေးကြတယ်၊ ဌာနဆိုင်ရာတွေက ငွေတွေချေးကြတာပေါ့၊ စိုက်ပျိုးရေး ၊ မွေးမြူရေးသမားတွေပေါ့၊ တကယ့်တကယ် အကျိုးရှိသွားတာက အဲ့ဒီငွေထုတ်ချေးတဲ့အသင်းတွေပဲ၊ သူတို့တွေပဲ အကျိုးရှိသွားတာ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီစိုက်ပျိုးရေး၊ မွေးမြူရေးသမားတွေက သူတို့တွေက ဘယ်တော့မှမတိုးတက်လာဘူး၊ နောက်တစ်နှစ်လာရင်လည်း ထပ်ချေးရတာပဲ၊ နောက်တစ်နှစ်လာရင် လည်း ထပ်ချေးရတာပဲ၊ ဒါတွေကို အစိုးရတွေက အကုန်ယူနေကြတာ၊ သူတို့ရဲ့ပြောချက်တွေက အောင်မြင် တယ် အောင်မြင်တယ်လို့ ပြောသွားတာ၊ အောင်မြင်တယ်ဆိုတာ သူတို့ပဲ အောင်မြင်သွားတာပါ၊ ဆိုတော့ ဒီလူ့အဖွဲ့အစည်းထဲမှာ ဖွံ့ဖြိုးတိုးတက်သွားတယ်ဆိုတာ မရှိဘူး"
မွန်ပြည်နယ်က စိုက်ပျိုးရေးနဲ့ မွေးမြူရေး သမဝါယမ အသင်းဝင်တွေကို ရိတ်သိမ်းရာသီမှာ တရုတ် EXIM ဘဏ်ချေးငွေကို ဒေသဆိုင်ရာ သမဝါယမအသင်းကတဆင့် ထုတ်ချေးပါတယ်။ တစ်ယောက်က ချေးငွေ ဆပ်ဖို့ပျက်ကွက်ရင် ကျန်တဲ့လူတွေက တာဝန်ခံရတဲ့ အဖွဲ့လိုက်အာမခံရတဲ့စနစ်နဲ့ အတိုးနှုန်း ၁ ရာခိုင်နှုန်းခွဲ (၁.၅ %)နဲ့ ချေးထားတာပါ။
ဒီချေးငွေနဲ့ သထုံမြို့နယ်မှာရှိတဲ့ သမဝါယမ ၅၁ သင်းက စိုက်ပျိုးရေးနဲ့ မွေးမြူရေး သမဝါယမ အသင်းဝင် တစ်သောင်းသုံးထောင့်ကျော်ကို တစ်ယောက်ကို အမေရိကန် ဒေါ်လာ ၉ဝ နဲ့ ညီမျှတဲ့ ကျပ်ငွေ တစ်သိန်း ထုတ်ချေးတာပါ။