စစ်ကောင်စီကို ကူညီမှုရပ်ဖို့ တရုတ်ကို အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို
2024.09.06

အာဏာသိမ်းစစ်ကောင်စီကို ကူညီထောက်ပံ့မှုတွေ ဆက်မလုပ်ဘဲ ရပ်တန့်ဖို့အတွက် တရုတ်အစိုးရကို မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၇၆ ဖွဲ့က စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ အချက် ခုနစ်ချက်ပါဝင်ပြီး တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီကို ကာကွယ်ရပ်တည်မှုတွေ မလုပ်ဖို့၊ နိုင်ငံရေးအရ အရေးယူဖိနှိပ်တာတွေ လုပ်ပေးဖို့ တောင်းဆိုထားတာပါ။
တရုတ်အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ် ခြိမ်းခြောက်မှုတွေ၊ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဖိအားပေးမှုတွေကို ရပ်တန့်ဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။
ဒီ့အပြင် စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို ကူညီပံ့ပိုးတာမျိုးမလုပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အသိအမှတ်ပြုပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီအပေါ် စီးပွားရေးနဲ့ စစ်လက်နက်ရောင်းချမှုတွေအပြင် စစ်ဘက်-အရပ်ဘက်သုံး လေယာဉ်ဆီ လွှဲပြောင်းရောင်းချတာတွေကို ပိတ်ဆို့ပြီး မြန်မာနိုင်ငံအတွက် အထူးသီးသန့်ရာဇဝတ်ခုံရုံးတစ်ခု ဖွဲ့စည်းနိုင်ရေး ထောက်ခံပေးဖို့လိုကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ ကုလသမဂ္ဂရဲ့အရေးယူဆောင်ရွက်မှုတွေကို တရုတ်နိုင်ငံအနေနဲ့ ပိတ်ပင်တားဆီးတာမျိုး မလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။
ဒီတောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ တရုတ်အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဩဂုတ်လ ၃၁ ရက် ထုတ်ပြန်ချက်မှာတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်ရေးကို အလေးထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အရှိန်လျော့ကျရေး လုပ်ဆောင်မယ်လို့ဖော်ပြပါတယ်။