အပစ်ရပ်စဲရေး တရုတ်ပါဝင်ဖို့ လိုတယ်


2016.11.23
myanmar-refugees-china-620 တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံ မူဆယ်မြို့ဘက် ပြန်လာသူတွေကို နိုဝင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/RFA

နိုဝင်္ဘာလ ၂၄ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ဝေတဲ့ တရုတ်အစိုးရပိုင် Global Times သတင်းစာက “China’s role needed for truce in Myanmar” မြန်မာပြည်တွင်း တိုက်ပွဲတွေ ရပ်စဲရေးအတွက် တရုတ်ပြည်က ပါဝင်ဆောင် ရွက်ဖို့ လိုအပ်နေပြီ ဆိုပြီး ဆောင်းပါးတပုဒ် ရေးသားလိုက်ပါတယ်။

အဲဒီဆောင်းပါးမှာ ဒီရက်ပိုင်းအတွင်း မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံ ကို မြန်မာထောင်ပေါင်းများစွာ နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာကြကြောင်း၊ ဒီကိစ္စကြောင့် နယ်ခြားဒေသခံ တရုတ်ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝကို အကြီးအကျယ် ထိခိုက်ရကြောင်း အစချီပြီး ကာလရှည်ကြာပြီဖြစ် တဲ့ မြန်မာပြည်တွင်းစစ်မှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဘယ်တုန်းကမှ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးမရှိခဲ့ကြောင်း၊ ဒါဟာ တရုတ်နယ်စပ်ဒေသဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်ရေး အထူးသဖြင့် တရုတ်ပြည်က ကမကထပြုလုပ်ကိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနဲ့ မြန်မာ စီးပွားရေးစြင်္ကန် တည်ဆောက်ရေးကို အထူးနစ်နာစေကြောင်း ဖေါ်ပြထားပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်နိုင်မယ့် နည်းလမ်းကို အခြေချခဲ့ပြီဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်အနေနဲ့ အဲဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက်တက်ကြွကြွ လက်တွဲပါဝင်ဆောင်ရွက်သင့်ကြောင်း ရေးသားထား ပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖျစ်ညှစ်ဖိအားပေးနေမယ့်အစား အဲဒီလူနည်းစုတွေထံက ယုံကြည်မှုရအောင် ပိုမိုခိုင်မာတဲ့ ရပ်တည်ချက်ကိုချမှတ်သင့်သလို တပြိုင်နက်မှာပဲ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့လည်း လက်တွေ့မဖြစ်နိုင်တဲ့ အာဏာရရှိရေး တောင်းဆိုချက်တွေကို စွန့်လွှတ်သင့်ကြောင်း၊ သူတို့အနေနဲ့ မိမိတို့ဒေသဖွံ့ဖြိုးရေးနဲ့ ထိုက်တန်တဲ့အခွင့်အရေးတွေ ရရှိရေးအတွက် အဓိကအင်အားဖြစ်တဲ့ ပြည်မကလူ့ဘောင်နဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့လိုကြောင်း တရုတ်အစိုးရအာဘော် သတင်းစာကပြောပါတယ်။

တဆက်တည်းမှာပဲ မြန်မာပြည်မှာရှိတဲ့ တချို့လက်နက်ကိုင်တွေဟာ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်ကို တရုတ်အစိုးရက ဖိအားပေးဖို့ စိတ်ကူးယဉ်နေကြကြောင်း၊ အဲဒီလိုလက်တွေ့မကြဘဲ အန္တရာယ်များလှတဲ့လမ်းမျိုးကို တရုတ်နိုင်ငံက ဘယ်တော့မှ လျှောက်လှမ်းမှာ မဟုတ်ကြောင်း၊ အခုလည်း ၂ဝ၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုးကန့်ပြဿနာလို နည်းလမ်းဟောင်းကို တိုင်းရင်းသားအဖွဲ့တွေက ထပ်မံသုံးစွဲပြီး တရုတ်မြန်မာဆက်သွယ်ရေးနဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို တိုက်ခိုက်လာကြပြန်ကြောင်းနဲ့ အဲဒီလိုပြုလုပ်ခြင်းဖြင့် လူထုရဲ့ထောက်ခံမှုကိုသာ ဆုံးရှုံးမှာဖြစ်ကြောင်း ရေးသားထားပါတယ်။

နောက်ဆုံးမှာတော့ အခု ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ နွေးထွေးတဲ့ဆက်ဆံရေး ထူထောင်ထားရှိပြီးဖြစ်တဲ့ တရုတ်ပြည်အနေနဲ့ မြန်မာပြည်က လိပ်ခဲတင်းတင်း ပြဿနာတွေကို ပိုမိုအရေးကြီးတဲ့ ကဏ္ဍက ပါဝင်ဖြေရှင်းပေးနိုင်စွမ်းရှိကြောင်း၊ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံက ဘက်မလိုက်ဘဲ တက်ကြွစွာ ကူညီမယ်ဆိုတာကိုလည်း အခုလတ်တလော နှစ်တွေအတွင်း ရှင်းရှင်းလင်းလင်း ချပြအသိပေး ထားပြီးဖြစ်ကြောင်းနဲ့ မြန်မာပြည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်တဲ့ ပဋိပက္ခတွေချုပ်ငြိမ်းရေးအတွက် တရုတ်အစိုးရဟာ မဟာအင်အားကြီးနိုင်ငံတခုအနေနဲ့ အရေးတကြီး ပါဝင်သင့်ပြီဖြစ်ကြောင်း ဒီကနေ့ထုတ် တရုတ်အစိုးရအာဘော် Global Times သတင်းစာက ရေးသားလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။