တရုတ်ရဲ့ ခြံစည်းရိုးကျူးကျော်မှုအပေါ် ကန့်ကွက်မှုတွေ လုပ်မယ်လို့ဆို

2021.09.27
တရုတ်ရဲ့ ခြံစည်းရိုးကျူးကျော်မှုအပေါ် ကန့်ကွက်မှုတွေ လုပ်မယ်လို့ဆို မြန်မာ-တရုတ်နယ်စပ် ဖိုင်းကောင်း စစ်ဘေးဒုက္ခသည်စခန်းဘေး ဝမ်တိန်ချောင်းအနီးမှာ တရုတ်နိုင်ငံဘက်က သံဆူးကြိုးတွေကာရံထားတာကို တွေ့ရစဥ်
Photo: Mai Nyi Win Mg

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့နယ်ထဲမှာ မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းရဲ့ (၁၀) မီတာထဲအထိ ဝင်ရောက်ပြီး တရုတ်ရဲ့ ခြံစည်းရိုးကာရံထားမှုအတွက် ကန့်ကွက်မှုတွေ လုပ်သွားမယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ တရုတ်နိုင်ငံဘက်က စိုက်ထူထားတဲ့ ရှောက်ကန်းထန်ရွာအနားက နယ်နိမိတ်ကျောက်တိုင်အမှတ် BP 141၊ ရှီမင်ခန်ရွာအနားက BP 142 နဲ့ BP 142 – 1 တို့ကို ချင်းရွှေဟော် ထွေအုပ်အပါအဝင် သက်ဆိုင်ရာဌာနတွေနဲ့ စစ်ကောင်စီတပ်သားတွေ စက်တင်ဘာလ ၂၅ ရက်နေ့မှာ သွားရောက်စစ်ဆေးခဲ့ပြီး အခုလို (၁၀) မီတာထဲအထိ ဝင်ရောက်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာလို့ ပါရှိပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ နယ်မြေခံတပ်ရင်းက သွားရောက်စစ်ဆေးစဉ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း (၁၀) မီတာနဲ့ လွတ်ကင်းပေမယ့် အခုထပ်မံစစ်ဆေးစဉ်မှာတော့ အရင်က ခြံစည်းရိုး ကို ဖြုတ်ပြီး နေရာရွှေ့ထားတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်က ဘယ်လိုကန့်ကွက်မှုတွေ လုပ်သွားမလဲဆိုတာတော့ တိတိကျကျ ဖော်ပြထားခြင်း မရှိပါဘူး။

မြန်မာနိုင်ငံ နယ်နိမိတ်ထဲကို တရုတ်ရဲ့ ခြံစည်းရိုး ကျူးကျော်စိုက်ထူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟက်ဟင်ရွာအနားမှာ တရုတ်နိုင်ငံဘက်က မြန်မာပိုင်နက်ထဲကျော်ပြီး မြေ (၀.၆၀) ဧကလောက်အထိ ခြံစည်းရိုးတွေ လာကာထား တာကြောင့် ဒေသခံတွေက ဖျက်ဆီးခဲ့ကြရပါတယ်။

၁၉၆၀ ခုနှစ်မှာ သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့ တရုတ်-မြန်မာနယ်နိမိတ်ဟာ မိုင်ပေါင်း (၁၃၇၀) နီးပါး ရှည်လျားပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေနဲ့ အဓိက ထိစပ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Min Thit
2021-09-27 10:38

တရုတ် ကို သတိထား