တရုတ်ကောင်စစ်ဝန်ရုံးအရာရှိ သစ်ခိုးထုတ်သူများနဲ့ တွေ့ဆုံ
2015.01.20

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရားမဝင် သစ်ခိုးထုတ်မှုနဲ့ မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၂၅ ယောက်ကို တရုတ်ကောင်စစ်ဝန်ရုံးရဲ့ ဒုတိယအတွင်းဝန် Mr. Bian Zhouzhou ဦးဆောင်တဲ့ ကိုယ်စားလှယ်သုံးယောက် က မြစ်ကြီးနားအကျဉ်းထောင်မှာ ဒီနေ့ လာရောက်တွေ့ ဆုံခဲ့ပါတယ်။
တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဖမ်းခံထားရတဲ့ တရုတ်နိုင်ငံ သားတွေကို အချုပ်သားအခွင့်အရေးနဲ့အညီ တန်းတူပေး ထားတယ်လို့ မြစ်ကြီးနားအကျဉ်းထောင်ရဲ့ ထောင်ပိုင် ကြီး ဦးတင်မောင်ချိုက RFA ကို ပြောပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှာ ဒီလဆန်းပိုင်းက တရုတ်နိုင်ငံဘက် တရားမဝင်သစ် ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား အယောက်တစ်ရာကျော်ကို ယာဉ်မျိုးစုံ ၄၇၀ ကျော် အပါအဝင် မူးယစ်ဆေးဝါးတွေနဲ့ အစိုးရတပ်မတော်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီတရုတ်နိုင်ငံသားတွေကို မကြာခင်တရားစွဲဆိုဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။လက်ရှိအခြေအနေမှာ ဖမ်းဆီးရမိတဲ့ သစ်ကား ၁၅ စီးနဲ့ ခန့်မှန်းသစ်တန်ချိန် ၅၀၀ကျော်ကို ဝိုင်းမော်မြို့နယ်ထဲကို သယ်ယူနေပြီလို့ သိရပါတယ်။
တရုတ်ကောင်စစ်ရေးရာဋ္ဌာန ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ခွင့်ပြုချက်နဲ့ လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။