မြန်မာအစိုးရ မှန်ကန်စွာဆုံးဖြတ်ဖို့ တရုတ်ကုမ္ပဏီ ပြော

ဧရာဝတီ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ် လို့ မျှော်လင့်ကြောင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံက ACHC ကုမ္ပဏီ တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ တရုတ် ACHC ဥက္ကဋ္ဌ Mr . Li Guanghua က မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဘာသာပြန်ကတဆင့် အခုလိုပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရသက်တမ်း ၅ နှစ်အတွင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားကြောင်း ကြေညာထားခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ အခုလို ကြိုးစားနေတာလားလို့ သတင်းထောက်တွေကမေးမြန်းရာမှာ ပြည်သူတွေကို မှန်မှန်ကန်ကန် ချပြသွားမှာဖြစ်သလို အစိုးရရဲ့ဆုံးဖြတ်ချက်နဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့သာ ဖြေကြားခဲ့ပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ၊ ကျားဖြူပါတီ စတဲ့ပါတီတွေက ဖိတ်ကြားထားသူတွေလည်း တက်ရောက်ကြပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ NLD ပါတီကပုဂ္ဂိုလ်တွေက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေရဲ့ သဘောထား အရေးကြီးကြောင်းနဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးနှစ်ခုကို ထိန်းညှိလုပ်ဆောင်သွားနိုင်ရေး အရေးကြီးကြောင်း RFA ကို ပြောပါတယ်။