တရုတ်ပိုးလမ်းမစီမံကိန်း ညီလာခံ စစ်ကောင်စီ တက်ရောက်
2023.10.18

တရုတ်အစိုးရရဲ့ ခေတ်သစ်ပိုးလမ်းမ BRI စီမံကိန်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် ညီလာခံကို တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ မနေ့က ကျင်းပခဲ့ပြီး မြန်မာစစ်ကောင်စီဘက်က သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေက မနေ့က ထုတ်ပြန်ပါတယ်။
ဒီညီလာခံကို ကမ္ဘာ့နိုင်ငံပေါင်း ၁၃၀ကျော်က နိုင်ငံ့ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ နဲ့ တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ တက်ရောက်လာကြတဲ့ခဲ့တယ်လို့ သိရပါတယ်။ ညီလာခံ အတွင်းမှာ အမေရိကန် ဒေါ်လာ ၉၇.၂ ဘီလျံ တန်ဖိုးရှိတဲ့ စာချုပ်စာတမ်းတွေ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက သတင်းထောက်တွေကို ပြောသွားပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ညီလာခံ မိန့်ခွန်းပြောရာမှာ တရုတ်နိုင်ငံ အနေနဲ့ တစ်နိုင်ငံချင်း စီးပွားရေး ပိတ်ဆို့တာ၊ စီးပွားရေးအရ ဖိအားပေးအကြပ်ကိုင်တာ၊ အဆက်အဆံမလုပ်ဘဲ ကြဉ်ထားတာနဲ့ ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့မှု လမ်းကြောင်း ဖြတ်တောက်တာတွေ အားလုံးကို ဆန့်ကျင်သွားမယ်လို့ ပြောခဲ့ပါတယ်။
ဖွံ့ဖြိုးမှုစီမံကိန်းခေါင်းစဉ်နဲ့ တရုတ်က ရင်းနှီးမြှုပ်နှံနေတဲ့ စီးပွားရေးဆိုင်ရာ ခါးပတ်လမ်း ပိုးလမ်းမစီမံကိန်းနဲ့ ၂၁ ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမ စီမံကိန်းလို့ နာမည်ပေးထားတဲ့ စီမံကိန်းနှစ်ခုကိုပေါင်းပြီး BRI -Belt and Road Initiative လို့ ခေါ်တာဖြစ်ပါတယ်။
တချိန်ထဲမှာလည်း တရုတ်နိုင်ငံရဲ့ ချေးငွေနဲ့ အကောင်အထည်ဖော်နေတဲ့ BRI စီမံကိန်းတွေရဲ့ ကုန်ကျစရိတ် နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုမရှိတဲ့အကြောင်း ကျွမ်းကျင်သူတွေက ဝေဖန်နေကြပြီး၊ မြန်မာ နဲ့ မလေးရှား နိုင်ငံတွေကတော့ ဒီ BRI ချေးငွေနဲ့ တည်ဆောက်မယ့် စီမံကိန်းတွေမှာ ကုန်ကျစရိတ် လျော့ချဖို့ ပြန်လည်ညှိနှိုင်းနေကြတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။