မြန်မာကုန်သည် ၇ ဦးရဲ့ ဘဏ်စာရင်းတွေ အပိတ်ခံထားရ


2018.03.26
china-bank-620.jpg တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့က ဘဏ်တစ်ခုကို တွေ့ရစဉ်
Photo: Kan Thar/RFA

တရုတ်-မြန်မာ နယ်စပ်မှာ ကုန်သွယ်မှုပြုလုပ်နေတဲ့ မြန်မာနိုင်ငံသား ကုန်သည် ၇ ယောက်ရဲ့ တရုတ်နိုင်ငံက ဘဏ်တွေမှာ အပ်နှံထားတဲ့ ဘဏ်စာရင်းတွေကို လောင်းကစားလုပ်ငန်း ငွေစာရင်းတွေနဲ့ ဆက်စပ်နေလို့ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်အစိုးရက ပိတ်လိုက်ပါတယ်။

အဲဒီငွေစာရင်းတွေ အပိတ်ခံရတာနဲ့ပတ်သက်ပြီး အောက်ခြေမှာ နှစ်နိုင်ငံတရားဝင် ညှိနှိုင်းနေတယ်လို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောပါတယ်။

"ဘာလို့ပိတ်လဲဆိုတော့ အဲဒီငွေအကောင့်တွေနဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံဘက်က အကောင့်တွေက သူတို့ရဲ့လောင်းကစားနဲ့ ပတ်သက်တဲ့အကောင့်တွေ၊ ငွေလွှဲတဲ့ အသွင်း၊ အထွက်များတဲ့ အကောင့်တွေ၊ တရုတ်ဘက်ကနေ စောင့်ကြည့်နေတဲ့ အကောင့်တွေဖြစ်နေတယ်ဆိုပြီး အကြမ်းဖျင်းသိရတယ်၊ အပြီးပိတ်တာတော့ မဟုတ်ဘူး၊ အကြမ်းဖျင်းသိရတယ်၊ အဲဒီအတွက်ကို အခုအောက်ခြေမှာ နှစ်နိုင်ငံ ကျနော်တို့တွေ တရားဝင် ညှိနှိုင်းနေပြီ"

ငွေစာရင်းတွေဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က အပိတ်ခံလိုက်ရတာဖြစ်ပြီး မြန်မာဘက်က မူဆည် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ဘက်က တာဝန်ရှိသူတွေ တရုတ်နိုင်ငံဘက်နဲ့ ဒီနေ့ တရားဝင် ညှိနှိုင်းနေတာဖြစ်တယ်လို့ ပြောပါတယ်။

အပိတ်ခံရတဲ့ ငွေစာရင်းတွေဟာ မြန်မာနိုင်ငံသား ကုန်သည် ၇ ယောက်ရဲ့ ယွမ်ငွေ ၁.၇ သန်း (မြန်မာကျပ်ငွေ သန်း ၂၀၀ ကျော်)လောက် ရှိတယ်လို့လည်း ဦးရန်နိုင်ထွန်းက အတည်ပြုပြောပါတယ်။

ဘဏ်စာရင်းအပိတ်ခံရတဲ့ ကုန်သည် ၇ ယောက်ထဲမှာ သာမန်အရောင်းအဝယ်လုပ်သူတွေ၊ ဆန်ကုန်သည်တွေနဲ့ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေပါတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း တရုတ်နိုင်ငံမှာ အွန်လိုင်းကနေ တရားမဝင်လောင်းကစားတွေ လုပ်ကိုင်ပြီး ငွေကြေးတရားမဝင် လွှဲပြောင်းတာတွေ၊ ငွေသွင်း၊ ငွေထုတ်ဆောင်ရွက်နေတာတွေကို တရုတ်အစိုးရက စစ်ဆေး ဖို့အတွက် ဘဏ်အကောင့် ငါးထောင်ကျော်ကို ပိတ်ခဲ့ရာမှာ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မှာ ကုန်သွယ်မှုပြု လုပ်နေတဲ့ မြန်မာကုန်သည်တွေရဲ့ ဘဏ်ငွေစာရင်း ၁၃၂ ခု ပါဝင်သွားခဲ့ပါတယ်။

အဲဒီတုန်းကလည်း နှစ်နိုင်ငံအစိုးရတွေ ညှိနှိုင်းခဲ့ရပြီး နှစ်ပတ်ကျော်အကြာမှာ ငွေစာရင်းတွေ ပြန်ဖွင့်ပေးခဲ့ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။