တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင် တက်ခွင့်မရ

အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးကို အွန်လိုင်းကတဆင့် ဒီနေ့စတင်ကျင်းပနေပြီး မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တက်ရောက်ခွင့်မရခဲ့ပါဘူး။
ဒီအစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်ဦးဆောင်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးက သမ္မတတွေ ဒါမှမဟုတ် ဝန်ကြီးချုပ်တွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။
ဘေကျင်းမှာရှိနေတဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံကိုယ်စားပြုပြီး တက်ရောက်ဖို့ မနေ့က သဘောတူထားပေမဲ့ ဒီနေ့အစည်းအဝေးကို မြန်မာဘက်က တက်တဲ့သူမရှိတာကြောင့် မြန်မာ ကိုယ်စားလှယ်မပါဘဲ ကျင်းပခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အက်ဗ်ဒူလာ က နိုင်ငံ တကာ သတင်းမီဒီယာတွေကို အတည်ပြုပြောဆိုပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး ညီလာခံမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ခွင့်မပြုဖို့ အာဆီယံအဖွဲ့က ဆုံးဖြတ်ခဲ့သလို၊ တရုတ်-အာဆီယံ အစည်းအဝေးမှာလည်း ဒီမူအတိုင်းဘဲ အာဆီယံဘက်က ဆုပ်ကိုင်ထားတာကြောင့် တရုတ်ဘက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုဖိတ်ဖို့ အခက်တွေ့ခဲ့ရတယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေက အစောပိုင်းကတည်းက ရေးသားဖော်ပြခဲ့ကြ ပါတယ်။
မြန်မာစစ်ခေါင်းဆောင်ကို ဖယ်ထုတ်ထားတာဟာ ထိရောက်တဲ့ ဖိအားပေးမှုဖြစ်တယ်လို့ အရှေ့တောင်အာရှ ရေးရာ ကျွမ်းကျင်သူ ဒေါ်မိုးသူဇာ က RFA ကို ပြောပါတယ်။
“အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ Crisis အခြေအနေတွေအတွက်ကို အပြုသဘောဆောင်တဲ့ ဝင်ရောက်တုံ့ပြန်ခြင်း လုပ်ငန်းစဉ်တွေကို အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း တစိုက် မတ်မတ် အကောင်အထည်ဖော်သွားဖို့အတွက်ကိုပဲ တစိုက်မတ်မတ်ရှေးရှုနေပါတယ်။ ဒါကို ကန့်လန့် တိုက်နေတဲ့ အနေအထားမျိုးတွေကို အာဆီယံအနေနဲ့ တုံ့ပြန်တဲ့သဘောမျိုးဖြစ်ပါတယ်။ အဲဒီတော့ အာဆီယံဘက်ကနေ ဆုံးဖြတ်ချက်ချခြင်းသည် ဒီဆုံးဖြတ်ချက်အတိုင်းလည်း စည်းမပေါက်အောင် ထိန်း ထားနိုင်ခြင်းသည် ထိရောက်သော သံတမန်နည်းအရ တွန်းအားပေးမှုတစ်ရပ်ဖြစ်ပါတယ်”
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ဖို့ တရုတ်ဘက်က ကြိုးစားခဲ့ပေမဲ့ အာဆီယံထဲမှာ သြဇာရှိတဲ့ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံတို့က ကန့်ကွက်ခဲ့တာလို့လည်း နိုင်ငံတကာသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
တရုတ်ဟာ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်တပ်ကို ဖိတ်ချင်ခဲ့ပေမဲ့ အာဆီယံနိုင်ငံတွေရဲ့ ကန့်ကွက်မှုကို မလွန်ဆန်နိုင်ခဲ့ဘူးလို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော က မှတ်ချက်ပေးပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်းဂေါ်ရှန်း ဟာ ဒီလထဲမှာပဲ စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံတွေကို သွားရောက်ပြီး မြန်မာအပေါ် အာဆီယံရဲ့ သဘောထားကို တီးခေါက်ကြည့်ခဲ့ ပေမဲ့ အာဆီယံသဘောထား မပြောင်းတာကို သိခဲ့ပုံရတယ်လို့ သူက ဆိုပါတယ်။
အဲဒီနောက် မစ္စတာ ဆွန်းဂေါ်ရှန်း ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကသွားပြီး အာဆီယံနဲ့ တရုတ်ရဲ့ သဘောထားတွေကို ပြောပြရုံမက အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ပုံရတယ်လို့ ဒေါက်တာ လှကျော်ဇောက RFA ကို ပြော ပါတယ်။
“အာဆီယံရဲ့ သဘောတူညီချက် ၅ ချက်ကို ထည့်သွင်းစဉ်းစားဖို့နဲ့ မြန်မာပြည်ကို ဒီမိုကရေစီလမ်းပေါ် ပြန်ရောက်ဖို့ တရုတ်ပြည်က ကျန်တဲ့နိုင်ငံတကာအဝန်းအဝိုင်းနိုင်ငံများနဲ့ ပူးပေါင် လုပ်ဆောင်သွားမယ်လို့ ပြောခဲ့မှာပါပဲ။ တရုတ်ပြည်အနေနဲ့ကတော့ စစ်ကောင်စီနဲ့လည်း ဆက်ဆံရေးမပျက်အောင် တဘက်က ထိန်းထားပုံရပါတယ်။ စစ်ကောင်စီ သိပ်မျက်နှာမပျက်ဖို့လည်းလိုတယ်။ ပြောစရာရှိရင် စစ်ကောင်စီနဲ့ပဲ ပြောရတော့မလိုဖြစ်နေတာကို။ အဲဒါကြောင့် ဒါကို ပြေရာပြေကြောင်း ဆွန်းဂေါ်ရှန်းက လာပြောတယ် ထင်ပါတယ်”
စစ်ကောင်စီခေါင်းဆောင်ကို လက်မခံတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို တရုတ်က လက်ခံတာကိုကြည့်ရင် တရုတ်ဟာ အတိတ်မှာ စစ်အာဏာရှင်အဆက်ဆက်ကို ကာကွယ်ထောက်ခံခဲ့သလိုမျိုး ဒီကနေ့မှာ ထပ်မလုပ် တော့ဘူးဆိုတာ ထင်ရှားတယ်လို့လည်း ဒေါက်တာလှကျော်ဇော က ပြောပါတယ်။
"မင်းအောင်လှိုင်တို့ ချောင်ပိတ်မိနေပြီလို့ ပြောရတော့မှာပေါ့ သံတမန်ရေးအရ ပြောရရင်ပေါ့"
ဒီကနေ့ကျင်းပတဲ့ တရုတ်-အာဆီယံအစည်းအဝေးကို မြန်မာဘက်က မတက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ညနေပိုင်းအထိ အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ပြည်တွင်းသတင်းထောက်တချို့က အွန်လိုင်းကတဆင့် မေးမြန်းချက်ကိုတော့ အခုလိုအကြောင်းပြန်ပါတယ်။
“သူတို့ကို တရုတ်ဘက်က အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့အပြင်၊ အစည်းအဝေးတက်ရောက် နိုင်ဖို့ အာဆီယံနိုင်ငံတွေနဲ့ ညှိနှိုင်းပေးခဲ့တဲ့ တရုတ်နိုင်ငံကို ကျေးဇူးအထူးတင်တယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က စာနဲ့အကြောင်းပြန်ထားပါတယ်။ အာဆီယံနိုင်ငံအချို့ဟာ တရုတ်-အာဆီယံ အစည်းအဝေး ကို နိုင်ငံရေးရာထူးမရှိတဲ့သူ တစ်ယောက်ကိုပဲ တက်ခွင့်ရမယ်ဆိုပြိး ဖိအားပေးခဲ့တယ်လို့လည်း အကြောင်းပြန် စာမှာ ရေးထားပါတယ်။ အာဆီယံရဲ့ မူတွေကို ဆက်လက် လိုက်နာသွားမယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်း ရဲ့ အကြောင်းပြန်စာမှာ ဖော်ပြထားပါတယ်။
တရုတ်ဟာ စစ်ကောင်စီကို အပြည့်အဝထောက်ခံတာမျိုး မလုပ်တော့တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ သံတမန်ရေးမှာ ချောင်ပိတ်မိနေပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။
“မင်းအောင်လှိုင်က တပြည်လုံးနဲ့ ရန်ဖြစ်နေရပြီဆိုတော့ တရုတ်က အဲဒီအခြေအနေအောက်မှာ နားချ တယ်။ မင်းအောင်လှိုင်ကို ထွက်ပေါက်ပေးတဲ့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ပြီး အသိအမှတ်ပြုဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီအခြေခံပေါ်ကနေညှိဖို့ သို့သော်လည်း အဲဒီဟာက မင်းအောင်လှိုင်အတွက် ကျပြန်တော့ သူက ၂၀၂၀ ရွေးကောက်ပွဲအကြောင်းပြုပြီး အာဏာသိမ်းထားတာ။ အဲဒါက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ တောင်းဆိုချက်ကို မကိုက်တော့ဘူး။ မင်းအောင်လှိုင်တို့ ချောင်ပိတ်မိနေပြီလို့ ပြောရတော့မှာပေါ့ သံတမန်ရေးအရ ပြောရရင်ပေါ့။ အဲတော့ တရုတ်နဲ့လည်း အဆင်မပြေဘူးဆိုရင် စကစလည်း အတော်အသက်ရှူကျပ်နေပြီ ”
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အာဆီယံသံအမတ် ဦးဘိုလှတင့် ကလည်း အာဆီယံအနေနဲ့ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ထုတ်ရုံနဲ့ အလုပ်မဖြစ်သေးဘဲ လက်တွေ့ အရေးယူမှုတွေကို ဒီထက်ပိုလုပ်သင့်တယ်လို့ ပြောပါတယ်။
“ပြည်သူလူထုက မလိုလားတော့တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတော့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်သွားနိုင်ဖို့ တရုတ်နဲ့ အာဆီယံက ဘယ်လောက်လက်တွေ့ကျကျ စဉ်းစားအဖြေရှာနိုင်မလဲ။ ဒီဗိုလ်ချုပ်မင်းအောင်လှိုင်ကို အစည်းအဝေး ပေးမတက်ခြင်းအားဖြင့် ဒီပြဿနာက ပြေလည်သွားတာ တော့ မဟုတ်ပါဘူး”

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး သုံးလနီးပါးအကြာ ဧပြီလထဲမှာ အရေးပေါ်ပြုလုပ်ခဲ့တဲ့ အာဆီယံ ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီဥက္ကဋ္ဌရဲ့ အစည်းအဝေးကနေ ဘုံသဘောတူညီချက် ငါးရပ်ကို သဘောတူခဲ့ ကြပါတယ်။
ဒါပေမဲ့ ခုနစ်လနီးပါးကြာတဲ့အထိ အာဏာသိမ်းစစ်ကောင်စီဘက်က ဒီသဘောတူညီချက်တွေကို လက်တွေ့ မလိုက်နာတာကြောင့် မြန်မာစစ်ကောင်စီနဲ့ အာဆီယံနိုင်ငံတွေကြား အခြေအနေတင်းမာနေတာဖြစ်ပါတယ်။
အာဆီယံအဖွဲ့ဟာ တဘက်မှာ စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးတွေမတက်ဖို့ ကန့်ကွက်ထားပြီး တဲ့နောက် အခြားတဘက်မှာတော့ သူတို့ရဲ့လုပ်ငန်းစဉ် အစည်းအဝေးတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုပြီး ဖိတ်ကြားလာတာတွေ့ရပါတယ်။
နိုဝင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ အွန်လိုင်းကတဆင့် သုံးရက်ကြာပြုလုပ်မယ့် ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်စေရေး၊ ဘေးအန္တရာယ်ဒဏ် ကြံ့ကြံ့ခံနိုင်ရေးဆိုင်ရာ အာဆီယံရဲ့ တတိယကြိမ်မြောက် နိုင်ငံတကာညီလာခံကို NUG ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင် တက်ရောက်ဖို့ ဖိတ်ကြားခံထားရကြောင်း ဒေါက်တာတူးခေါင် ကိုယ်တိုင်က သတင်းမီဒီယာတွေကို အတည်ပြု ပြောဆိုထားပါတယ်။
ဒါဟာ စစ်အာဏာသိမ်း ကိုးလကျော်အတွင်း အာဆီယံဘက်က NUG ကို မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ပထမဆုံးအကြိမ် အသိအမှတ်ပြုဖိတ်ကြားလိုက်တာ ဖြစ်ပါတယ်။