ကချင်ဒုက္ခသည်တွေကို တရုတ်ကြက်ခြေနီ ကူညီထောက်ပံ့
2014.02.21

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြက်ခြေနီအသင်းက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့က စစ်ပြေးဒုက္ခသည် အိမ်ထောင်စု ၄၂၀၀ အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေကို ကား ၆ စီးနဲ့ ဒီနေ့ လာရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြက်ခြေနီအသင်းရဲ့ အကြီးအကဲကိုယ်တိုင် လာရောက်လှူဒါန်းတာဖြစ်ပြီး ပထမဆုံး တရားဝင်လာရောက်လှူဒါန်း တာဖြစ်ကြောင်း လိုင်ဇာ စစ်ဘေးကယ် ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဒွဲပီဆက ပြောပါတယ်။
ဒါ့အပြင် တရုတ်ကြက်ခြေနီအဖွဲ့ဟာ လိုင်ဇာတဝိုက်က စစ်ပြေးဒုက္ခသည်စခန်းတချို့ကို သွားရောက်လေ့လာခဲ့ တယ်လို့ သိရပါတယ်။
မနက်ဖြန်မှာတော့ အစိုးရထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေက အိမ်ထောင်စု ငါးထောင်အတွက် တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့မှာ တရုတ်ကိုယ်စားလှယ်အဖွဲ့က လာရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။
တရုတ် မြန်မာနယ်စပ်မှာ အလှူပစ္စည်းတွေ သွားရောက်လက်ခံယူမယ့် ကချင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးဂဲနက်ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။