ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌကို တာဝန်ကနေ နုတ်ထွက်ဖို့ ပါတီဗဟို သတိပေး
2019.02.24
ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းကို တာဝန်ကနေ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုက သတိပေးအကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။
အမည်မဖော်လိုတဲ့ NLD ပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ ပြောပြချက်အရ ဦးအောင်သန်းဟာ ပြည်နယ်အစိုးရအဖွဲ့လုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက်တာတွေ၊ အာဏာအလွဲသုံးစားလုပ်တာတွေ၊ ငွေကြေးအရှုပ်အရှင်းတွေ ရှိတာကြောင့် ပါတီဗဟိုက ညွှန်ကြားတာဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။
မိမိသဘောဆန္ဒနဲ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌတာဝန်ကနေ နုတ်ထွက်ပါမယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေရှေ့မှာ ကတိခံဝန်ထားပေမယ့် အခုချိန်ထိနုတ်ထွက်ခြင်း မရှိသေးကြောင်း၊ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခြင်းမရှိရင် လွှတ်တော်ကနေ ပြစ်တင်ရှုတ်ချနုတ်ထွက်စေမယ်လို့ သတိပေးစာမှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနေ့ကနောက်ဆုံးထားနုတ်ထွက်ဖို့ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ-၂ ဒေါက်တာ ဇော်မြင့်မောင် လက်မှတ်ရေးထိုးထားတဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။ ဒီလိုသတိပေးရတဲ့ အခြေအနေအသေးစိတ်နဲ့ ပတ်သက်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ RFA က ဒေါက်တာ ဇော်မြင့်မောင်ကို မေးမြန်းရာမှာတော့ ဖြေဆိုဖို့ ငြင်းဆန်ပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲကို မေးမြန်းဖို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ RFA ကို ဖြေကြားခဲ့ ပါတယ်။ တဆက်တည်းမှာပဲ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အကြီးအကဲတွေကို တိုင်ကြားမှုတွေ အရ အပြစ်ရှိကြောင်း စစ်ဆေးတေ့ွရှိရင် စုံစမ်းစစ်ဆေးရေးအဖွဲ့မဖွဲ့ဘဲ တာဝန်ကနေ နုတ်ထွက်စေတာတွေ ရှိခဲ့ကြောင်း၊ နုတ်နဲ့သတိပေးတာ၊ စာနဲ့သတိပေးတာ၊ တာဝန်ကနေ ရပ်ဆိုင်းတာတွေ လုပ်တာရှိကြောင်း၊ အဲဒီလိုအပြစ်ပေးအရေးယူထားသူ စုစုပေါင်း ၁၂ ဦးရှိကြောင်းနဲ့ အမည်တွေကို ဖြေကြားဖို့တော့ ငြင်းဆိုခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ကာယကံရှင် ဦးအောင်သန်းနဲ့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇိုဘွဲကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။