ချင်းပြည်နယ်က သစ်များ ထုတ်ယူမှု

ချင်းပြည်နယ်အတွင်း က သစ်တောတွေကို ပြည်နယ်ချင်း ကပ်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေကနေ ထုတ်ယူနေတယ်လို့ ချင်းတိုးတက်ရေးပါတီ CPP ဒီကနေ့ ပြောပါတယ်။

ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)
ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map) ((RFA Map))

ချင်းပြည်နယ်အတွင်း သစ်ထုတ်လုပ်ရေးနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ ပါတီဝင်တွေနဲ့အတူ လေ့လာ စုံစမ်းပြီး ဒီကနေ့ပဲ ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့ CPP ပါတီရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ပူးလျှံန်း(ရ်)ထွန်း ကနေ ပြောလိုက်တာပါ။ အဲဒီလို ချင်းပြည်နယ်က ပိုင်ဆိုင်တဲ့ သစ်တောတွေကို ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်ကို ရောက်ရှိအောင် သူတို့ ပါတီက ကြိုးစားသွားမယ်လို့ ပူးလျှန်း(ရ်)ထွန်း RFA ကို ပြောပါတယ်။ “ကျနော်တို့ CPP အနေနဲ့ ကွင်းဆင်းလေ့လာပြီးတော့မှ တွေ့ထားတာ ဘာဖြစ်လဲ ဆိုတော့ ဒီ သစ်တောနဲ့ ပတ်သက်လို့ရှိရင် မင်းတပ်နဲ့ ကန်ပက်လက်ခရိုင်မှာ ထွက်တဲ့ သစ်တွေက မကွေးတိုင်းက ဘက်ဂျက်ကိုသွားတယ်။ ဂန့်ဂေါခရိုင် သစ်ထုတ်လုပ်ရေး နာမည်နဲ့ ထုတ်ထားတဲ့ မတူပီခရိုင်မှာ ထုတ်တဲ့ ဟာကလည်း မကွေးတိုင်းရဲ့ ဘက်ဂျက်ထဲမှာ စီးဝင်သွားတယ်။ ပလက်၀ ဒေသကထွက်တဲ့ သစ်တွေက စစ်တွေရဲ့ ဘက်ဂျက်ထဲကို စီးသွားတဲ့ အခါမှာ အဲဒီဟာတွေကို ဒီ ချင်းပြည်နယ်အစိုးရကို ပြန်လွှဲနိုင်ဖို့အတွက် ကျနော်တို့ အခု ခရီးသွားပြီး လေ့လာနေတယ်” ချင်းတိုးတက်ရေးပါတီ CPP က အမတ်တဦးကို ချင်းပြည်နယ် အစိုးရမှာ သစ်တောဝန်ကြီးအဖြစ် ခန့်အပ်ထားပေမဲ့ လက်ရှိအတိုင်း လုပ်ပိုင်ခွင့်ဘာမှမရှိရင် ရာထူးကနေ နုတ်ထွက်မယ်လို့လည်း ပါတီ တွဲဖက်အတွင်းရေးမှူး ပူးလျှန်း(ရ်)ထွန်း က RFA ကို ပြောပါတယ်။ “CPP အနေနဲ့က လက်ရှိ သစ်တောဝန်ကြီးနေရာတော့ ရတယ်ပေါ့။ ကျနော်တို့ ဝန်ကြီးဦးကျော်ငြိမ်းက သစ်တောနဲ့ သတ္ထု ဒီလိုလုပ်ပိုင်ခွင့်တွေ ဘာတခုမှ မရှိဘူးဆိုလို့ရှိရင်တော့ ကျနော်တို့ ပါတီအနေနဲ့ကတော့ ဝန်ကြီးဆိုတဲ့ ရာထူးကိုလည်း မမက်ပါဘူး။ ဒီရာထူးကို စွန့်ဖို့ဆိုတာလည်း ကျနော်တို့ အတွက် မခဲယဉ်းပါဘူး။ ဒါက တော်တော်လေးစဉ်းစားရမယ့် အပိုင်းမှာ ဖြစ်သွားပြီ။ ချင်းပြည်နယ်ဒေသက ထွက်ရှိတဲ့ သစ်တောတွေကို ချင်းပြည်နယ်အစိုးရထဲကို ဘက်ဂျက်စီးဆင်းနိုင်အောင် ကျနော်တို့ လုပ်ပိုင်ခွင့် ဘာမှ မရှိဘူးဆိုလို့ရှိရင်တော့ ကျနော်တို့ CPP ပါတီ အနေနဲ့ နုတ်ထွက်ဖို့ ဝန်မလေးပါဘူး။ အတတ်နိုင်ဆုံးတော့ ပြည်နယ်မှာလည်း တင်မယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်းတင်ပြီး တောင်းဆိုရမှာပေါ့နော်။ အဓိကကတော့ ချင်းပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ဒါကိုမြင်ပြီး တောင်းဖို့လိုပါတယ်။ ဒီသစ်တောတွေကို ကျနော်တို့ကိုပြန်လွှဲမယ်။ ချင်းပြည်နယ် အစိုးရထဲ ဘက်ဂျက်ပြန်ပေးမယ်ဆိုလို့ရှိရင် ကျနော်တို့ ပြည်ထောင်စု အစိုးရတောင် မှီခိုစရာ မလိုပါဘူး ကိုယ့်ဘာသာကိုယ် stand လုပ်လို့ရပါတယ်” ပြီးခဲ့တဲ့ ၂၀၁၀-ရွေးကောက်ပွဲမှာ ချင်းတိုးတက်ရေးပါတီ CPP က ချင်းပြည်နယ်ကနေ အမတ်နေရာ ၁၁-နေရာ နဲ့ စစ်ကိုင်းတိုင်းမှာ အမတ်-၁-ဦး ရွေးချယ်ခံခဲ့ရပါတယ်။ ကြံ့ခိုင်ရေး နဲ့ စစ်တပ်က ကြီးစိုးနေတဲ့ ချင်းပြည်နယ်အစိုးရထဲမှာ ချင်းပါတီ (၂)ခုကနေ ခန့်အပ်ထားတဲ့ ဝန်ကြီး(၂)ဦးဟာ ဘာမှလုပ်ပိုင်ခွင့်မရှိတဲ့အပြင် ခွဲခြားဆက်ဆံတာပါ ခံနေရတယ် ဆိုတဲ့အကြောင်း ချင်းတိုးတက်ရေးပါတီ CPP တွဲဖက်အတွင်းရေးမှူး ပူး လျှန်း(ရ်)ထွန်း ကို RFA အဖွဲ့သား ကိုခင်မောင်စိုးမင်း က ဆက်သွယ်မေးမြန်းထားတာ နားဆင်းကြပါ။

0:00 / 0:00