“ချင်းအမျိုးသားနေ့” တရားဝင် ကျင်းပနိုင်တော့မည်
2013.02.12

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် ချင်းအမျိူးသားနေ့ကို “ပြည်နယ်နေ့” အနေနဲ့ မဟုတ်တော့ပဲ “အမျိူးသားနေ့” အဖြစ် ချင်းပြည်နယ်ရဲ့မြို့တော် ဝမ်းသူမောင် အားကစားကွင်းမှာ ကျင်းပကြမှာဖြစ်တယ်လို့ ချင်းပြည်နယ်ရဲ့ လူမှုရေးဝန်ကြီး ဦးဗန်ထောင်းက RFA ကိုပြောပါတယ်။
အခုလို ချင်းအမျိူးသားနေ့အဖြစ် ပြန်လည်ကျင်းပခွင့်ရတာဟာ ချင်းအမျိူးသားတပ်ဦးနဲ့ ပြည်ထောင်စု အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ရလဒ်တခုဖြစ်တယ်လို့လည်း ချင်းအမျိူးသားတပ်ဦး CNF အထွေထွေအတွင်းရေးမှူး (၁)ပူးပေါလ်စီထားက ပြောပါတယ်။
ဗိုလ်ချုပ်နေဝင်း ဦးဆောင်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် မဆလအစိုးရလက်ထက် ပြီးခဲ့တဲ့ ၁၉၇၄ ခုနှစ်မှာ ချင်းဝိသေသတိုင်းကနေ ချင်းပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီးတဲ့ နောက်ပိုင်းကစပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိူးသားနေ့အဖြစ် ကျင်းပခွင့်မပြုတော့ဘဲ ချင်းပြည်နယ်နေ့ အဖြစ်နဲ့သာ ကျင်းပခိုင်းခဲ့ပါတယ်။
ယခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ချင်းအမျိူးသားတပ်ဦး CNF နဲ့ ငြိမ်းချမ်းရေး ရယူပြီးနောက် နှစ်ဖက်သဘောတူညီချက်ထဲမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းပြည်နယ်နေ့ အနေနဲ့ မဟုတ်တော့ဘဲ ချင်းအမျိူးသားနေ့ အဖြစ် တရားဝင်ကျင်းပဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
၁၉၄၈ ခု ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖလမ်းမြိုမှာကျင်းပတဲ့ လူထုညီလာခံမှာ တက်ရောက်လာတဲ့ လူထု ၅ ထောင်ကျော်က မြေရှင်ပဒေသရာဇ် အုပ်ချူပ်မှုစနစ်ကို ဖျက်သိမ်းပြီး ဒီမိုကရေစီအုပ်ချူပ်မှုစနစ်ကို စတင်ကျင့်သုံးဖို့ သဘောတူညီခဲ့ကြတဲ့နေ့ကို အစွဲပြုပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိူးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။