ဖလမ်းမြို့ဆေးရုံအုပ်ကြီးသေဆုံးမှု ဒေသခံတွေ ဝမ်းနည်းပူဆွေးနေ

2022.09.28
ဖလမ်းမြို့ဆေးရုံအုပ်ကြီးသေဆုံးမှု ဒေသခံတွေ ဝမ်းနည်းပူဆွေးနေ ချင်းပြည်နယ် ဖလမ်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတလွန်ကျုံးထန် (Dr.Tluang Cung Thang)။
Photo: Citizen Journalist


ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ပေးနိုင်ခဲ့သူ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတလွန်ကျုံးထန် (Dr.Tluang Cung Thang) ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၈ ရက်မနက်ပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

ဖလမ်းမြို့ ပြည်သူ့ဆေးရုံမှာ လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာတလွန်ကျုံးထန် အခုလို ရုတ်တရက်သေဆုံးမှုကြောင့် အင်မတန် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးရတဲ့အကြောင်းရင်းကို မိသားစုက တရားဝင်ထုတ်ဖော်ပြောဆိုတာ မရှိသေးပေမယ့် လုပ်ဖော်ကိုင်ဘက်ဝန်ထမ်းတွေကတော့ ဒေါက်တာ တလွန်ကျုံးထန်ဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာလို့ ပြောပါတယ်။

"ဆေးရုံအုပ် သေသွားတာက ဘာကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်တာလဲဆိုတာမသိနိုင်ဘူး။ အခုကာလ စိတ်ဖိစီးတာတွေ ရှိလို့ထင်တယ်။ ဒီနေ့ တစ်နာရီခွဲလောက်မှာ သူ့မိသားစုတွေရှိနေတဲ့ ဟားခါးမြို့က အိမ်ကို ရုပ်အလောင်းကို သယ်သွားပြီ။ အဲ့ဒီမှာပဲ သင်္ဂြိုဟ်မှာ"… လို့ အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

ဒေါက်တာတလွန်ကျုံးထန်ဟာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ မပါဝင်ပေမယ့် ဖလမ်းမြို့နယ်မှာ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်လုပ်ဆောင်ပေးနိုင်ခဲ့သူ ဖြစ်တယ်လို့ ဖလမ်းမြို့ခံတွေက ပြောပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၄၁ နှစ်ရှိပြီဖြစ်ပြီး၊ ဇနီးဖြစ်သူနဲ့ သားသမီးနှစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။