ချင်းပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေးကို ကိုယ်ထူကိုယ်ထ ရုန်းကန်ဖြေရှင်းနေရ
ကိုဂျေ (ဝါရှင်တန် ဒီစီ)
2021.07.14
2021.07.14
ချင်းပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရတဲ့သူ နှစ်ထောင်ကျော်ရှိနေပြီး သေဆုံးသူ တစ်ရာနီးပါး ရှိနေပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဟာ ပြီးခဲ့တဲ့ မေလပိုင်းကစပြီး ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယနိုင်ငံနဲ့နီးတဲ့ တွန်းဇံမြို့ကနေ ပြန်လည်တွေ့ရှိခဲ့ တာဖြစ်ပါတယ်။ တွန်းဇံမြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့အထိ နှစ်လကျော်အတွင်း ပိုးတွေ့ရှိသူ ၆၄၆ ဦးရှိနေပြီး သေဆုံးသူ ၂၆ ဦးအထိ ရှိနေတယ်လို့ တွန်းဇံမြို့နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ကိုဗစ်-၁၉ ရှိမရှိကို Covid Test Kit နဲ့ပဲစစ်ဆေးရတာဖြစ်လို့ အဲဒီ Test Kit တွေနဲ့ ကာကွယ်ရေးပစ္စည်းတွေကို နိုင်ငံတကာမှာ ရောက်နေတဲ့ ချင်းတိုင်းရင်းသားတွေ ပေးပို့တဲ့ အလှူငွေနဲ့ လုပ်နေရတယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီးဟောင်း ဦးပေါင်လွန်မင့်ထန်က RFA ကိုပြောပါတယ်။
“အရင်က ၅၀ အထက်အသက်ကြီးပိုင်းတွေပဲဖြစ်တာ။ အခုကျတော့ ၅၀ အောက် ၄၀၊ ၃၇ အရွယ်တွေပါ ဖြစ်လာတယ်။ ကျွန်တော်တို့ နယ်ကနေ နိုင်ငံခြားရောက် လူငယ်တွေ စိတ်ပူတယ်လေ။ ကျွန်တော်လည်း တတ်နိုင်သလောက် ကျွန်တော်သွားသွားစစ်တဲ့အခါကျရင် မီးစက်တစ်လုံးနဲ့ အောက်ဆီဂျင် ငါးလုံးယူယူသွားတယ်။ အဲ့ဒါနဲ့ သူတို့က လူငယ်တွေပေါင်းပြီးတော့ ရွာအလိုက် အလှူငွေတွေ ထည့်ကြတယ်။ ဒေသခံ NGO တစ်ခုရှိတယ် သူတို့နဲ့ချိတ်ပြီးတော့ ဟိုကနေ သူတို့ပို့သလောက် ကျွန် တော်တို့ဆီရောက်အောင် သူတို့လုပ်ပေးတယ်။ ဒေသခံတွေရဲ့ ပါဝင်မှုဆိုရင်လည်း မမှားဘူးပေါ့။ အခု တီးတိန်မှာဆိုရင်လည်း တော်တော်ဆိုးတယ်။ တွန်းဇံလည်း အခုထိ ကွာရန်တင်းစင်တာတွေမှာ လည်း များတယ်။ သေဆုံးနှုန်းတွေလည်း များလာတယ်။ ဖလမ်းမြို့မှာ ခုတလောသေဆုံးတာတွေ နည်းနည်းများတယ်။ နေ့တိုင်းလိုလိုပဲ။ တီးတိန်မှာလည်း နေ့တိုင်းလိုလိုပဲ တစ်ယောက် နှစ်ယောက် ဆုံးတာ။ အရင်နဲ့တော့ တခြားစီပဲ။ ပြီးတော့ နိုင်ငံရေး မကောင်းတဲ့အခါမှာ ဘယ်သူမှာ ဒီဟာကို မလုပ် နိုင်ဘူးလေ။ ကျန်းမာရေးဘက်ကလည်း မလုပ်နိုင်ဘူးဆိုတော့ Selint carrier အရမ်းများသွားတာပေါ့။”
ပြည်ပရောက် ချင်းတိုင်းရင်းသားတွေက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကုသရေးနဲ့ ကာကွယ်ရေး အတွက် ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်ကစပြီး အလှူငွေတွေ ပေးပို့နေတာလို့ဆိုပါတယ်။ အဲဒီအလှူငွေတွေကို ကပ်ဘေးမှာအသုံးပြုဖို့ ကော်မတီတစ်ရပ် ဖွဲ့ထားပြီး စီမံခန့်ခွဲရေးအတွက် လူမှုရေးဝန်ကြီးဟောင်း ဦးပေါင်လွန်မင့်ထန်က ဦးဆောင်နေတာဖြစ်ပါတယ်။
မြို့ပေါ်က အစိုးရဆေးရုံ၊ ဆေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ အာဏာဖီဆန်ရေး CDM လုပ်နေ တဲ့ ဝန်ထမ်းတွေအများစုဖြစ်လို့ ကုသရေးပိုင်းမှာ၊ ဆေးဝါးတွေလည်း လုံလောက်မှု မရှိကြပါဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။ ကျေးလက်တွေမှာလည်း အလားတူဖြစ်နေလို့ ရွာသားတွေ ကိုယ်ထူကိုယ်ထ လုပ်နေကြရတာပါ။

“ဆေးကုသမှုက အခုကျွန်တော်တို့ ဒေသမှာတော့ positive ဖြစ်ပြီး အောက်ဆီဂျင် ရှူတဲ့အဖွဲ့က တော့ ဆေးရုံမှာပေါ့။ အခုကျွန်တော်တို့လုပ်တဲ့ ပုံစံက ရွာတွေသွားတယ်။ ဖျားတဲ့သူတွေကို အရင် Test လုပ်တယ်။ positive တွေ့တဲ့အခါမှာ positive တွေ့တဲ့အနေအထားပေါ့။ တော်တော်များတယ်။ အယောက် ၂၀ မှာ ၁၅ ယောက်လောက်တွေ့တယ်။ အဲဒီရွာကို လူငယ်တွေခေါ်ပြီးတော့ Stay Homeပေါ့။ Lockdown လိုမျိုးလုပ်ဖို့ပေါ့။ ပြီးတော့သူတို့ကို ကျွန်တော်တို့ အိမ်သတ်မှတ်ပြီးတော့ အဲ့မှာထားတယ်။ ဆေးကတော့ ကျွန်တော်တို့ ပါလာနိုင်တဲ့ဆေး အားဆေးတွေ၊ ဆရာဝန်တွေ၊ အထူးကု တွေ လမ်းညွှန်တဲ့ဟာ လေးတွေပေါ့။ အလှူငွေနဲ့ ဝယ်ပြီးတော့ သွားပို့တယ်။ ပြီးတော့ ကျီခါးမှာတော့ OPD ပုံစံမျိုးနဲ့ အားကစားခန်းမမှာ ရောက်ရှိလာတဲ့လူနာတွေကို Test တယ်။ Positive တွေ့ရင် အဲ့ဒီ မှာ အခန်းထဲမှာ ထည့်ပြီးတော့ထားတယ်။ ပုံမှန်အဖျားတွေလည်းရှိတော့ ကျွန်တော်တို့ တတ်နိုင် သလောက် အားဆေးနဲ့ဆေးလေးတွေ ကုသပေးတယ်”
တီးတိန်မြို့မှာ ဇူလိုင် ၁၂ ရက်နေ့က နှစ်ယောက်၊ ဇူလိုင် ၁၃ ရက်နေ့က တစ်ယောက် သေဆုံးခဲ့ပြီး နှစ်လကျော်အတွင်း သေဆုံးသူ စုစုပေါင်း ၂ဝ ကျော်ရှိသလို၊ တီးတိန်မြို့ပြည်သူ့ ဆေးရုံမှာ လူနာ ၆၅ ယောက်ရှိနေတယ်လို့ မြို့နယ်ကျန်းမာရေးဌာနကနေတဆင့် သိရပါတယ်။

တီးတိန်မြို့မှာ တရက်ကိုအောက်ဆီဂျင် ၃၄ ဗူး ထုတ်နိုင်တဲ့စက်ကို အလှူရှင်တွေရဲ့ငွေနဲ့ တည်ဆောက်ထားပြီး ဇူလိုင် ၁ ရက် နေ့ကစလို့ လည်ပတ်နေပါတယ်။ လက်ရှိမှာတော့ တရက်ကို အောက်ဆီဂျင် ၁၀ ဗူးပဲ ဖြည့်နိုင်သေးတယ်လို့ တီးတိန်မြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီက စေတနာ့ဝန်ထမ်းတစ်ဦးက RFA ကိုပြောပါတယ်။
“ Test Kit တွေကျတော့ ပြည်သူတွေဆီကနေပဲ လုပ်ထားတယ်။ ပြည်သူဘက်ကနေပေါ့။ အဲ့လိုပဲ လုပ်ထားတာ။ နောက်ပြီးတော့ အောက်ဆီဂျင်ပိုင်းက အရင်အစိုးရက လူမှုရေးဝန်ကြီး ဦးပေါင်လွန် မင့်ထန်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေပေါ့။ သူများဆီမှာ အကူအညီတောင်းပြီးတော့ အလှူခံတာ။ အစိုးရကလုပ်ပေးတာ မဟုတ်ဘူး။ ဆေးရုံမှာကျတော့ CDM မဝင်တဲ့ ဆရာ ဆရာမတွေ သူတို့ကတော့ လုပ်တယ်။ အပြင်မှာတော့ စေတနာ့ဝန်ထမ်းလူငယ်တွေနဲ့ပဲ လည်ပတ်နေတယ်။ ၃၄ ဗူးလို့ ပြောတယ် အစကတော့။ တကယ့် တကယ်ကျတော့ ၁၀ ဗူးလောက်ပဲ အောက်ဆီဂျင်ထုတ်နိုင်တယ်။ ဗူးက မလောက်ဘူး။”
တီးတိန်ရဲ့ တောင်ဘက် ဟားခါးမြို့မှာတော့ ပိုးတွေ့သူ ၁၀၀ ကျော်ရှိနေပြီး သေဆုံးသူက လေးဦးအထိ ရှိနေပါတယ်။ ဖလမ်းမြို့မှာလည်း သေဆုံးသူ ၃၁ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။
တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ဟားခါးနဲ့ ထန်တလန်မြို့တွေကို စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက Stay At Home အိမ်မှာနေကြဖို့ သတ်မှတ်ကြေညာထားပြီး တီးတိန်၊ ဖလမ်းနဲ့ ရိဒ်ခေါဒါမြို့တွေမှာတော့ ဒေသခံမြို့မိမြို့ဖတွေက အသွားအလာ ပိတ်ပင်ကန့်သတ်ထားပါတယ်။
မြန်မာနိုင်ငံမှာ Covid 19 ရောဂါစတင်တွေ့ရှိတဲ့ ၂၀၂၀ မတ်လကနေ ၂၀၂၁ ဇူလိုင်လ ၁၂ ရက်နေ့ အထိ ပိုးတွေ့သူနှစ်သိန်းနီးပါးရှိနေပြီး သေဆုံးသူ ၃၉၂၇ ရှိနေပြီလို့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။