စစ်တပ်ကပစ်လိုက်တဲ့ ဦးခေါင်းထဲက ကျည်စခွဲထုတ်နိုင်ရေး ငွေကြေးခက်ခဲနေတဲ့ ငါးနှစ်သမီး

ဦးသစ်ဆင်း(ဝါရှင်တန် ဒီစီ)
2021.07.17

စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ဆန်စ ဦးခေါင်းထဲထိမှန်ခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ က ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ ဦးခေါင်းခွဲစိတ်ကုသပြီး ကျည်စထုတ်နိုင်ရေးအတွက် ငွေရေးကြေးရေး အခက်တွေ့နေတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ဇူလိုင် ၃ ရက် ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ကြီးတွေ၊ သေနတ်တွေသုံးပြီး ကလေးမြို့ထဲ ပစ်ခတ်ရာမှာ တပ်ဦးသီတာရပ်ကွက်က အိမ်တစ်လုံးအနီး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး ၅ နှစ်အရွယ် မရတီမိုးမြင့်အောင်ရဲ့ ဦးခေါင်းမှာလည်း ကျည်စထိမှန်ခဲ့တာဖြစ်ပါတယ်။

ကျည်စထိမှန်ထားတာ ၂ ပတ်ကျော် ကြာလာပြီဖြစ်သလို ခွဲစိတ်ပြီးကျည်ဆန်ထုတ်ဖို့ ဆရာဝန်တွေက ပြောဆိုပေမယ့် ငွေကြေးမတတ်နိုင်လို့ အခုထိ ခွဲမထုတ်ရသေးဘူးလို့ မရတီမိုးမြင့်အောင်ရဲ့ ဖခင်ဖြစ်သူက RFA ကို ပြောပါတယ်။

“ကိုးနာရီလေးဆယ်လောက်မှာ ဗုံးတစ်လုံးပေါက်တယ်၊ အသံအကျယ်ကြီးပဲ အိမ်ကတော့ လှုပ်သွားတယ်၊ ကိုးနာရီလေးဆယ့်ငါးလောက်ကျ နောက်တစ်လုံးဝင်လာတော့ ဘေးနားကအိမ်တိုင်ရဲ့ နံရံကို မှန်ပြီးတော့ အဆံတွေကလာစင်ပြီးမှ ကျွန်တော့် မိန်းမကျောကုန်းကို အရင်မှန်ပြီးမှ ကလေးကအော်တယ်၊ နားထင်ကို ပေါက်မှန်လိုက်တော့ သွေးတွေပန်းထွက်နေတာ ဆရာဝန်က စိုးရိမ်ရတယ်ပြောတယ်ဗျ၊ ခွဲစိတ်ရမယ် ပြောတယ် ခွဲစိတ်ဖို့ကျတော့ ငွေကြေးက မတတ်နိုင်ဘူးဗျ၊ ဒီအတိုင်းပဲ ကုနေရတယ်”

ဦးခေါင်းထဲမှာ ကျည်ဆန်စရှိနေတာကို ဓာတ်မှန်ရိုက်ထားရာကနေ မြင်ခဲ့ရပြီး အမြန်ဆုံး ခွဲစိတ်ကုသပေးမှ ဖြစ်မယ်လို့ ကလေးမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆေးခန်းကနေ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီးကျည်ဆန်အစဟာ မရတီမိုးမြင့်ရဲ့ ဘယ်ဘက်နားထင်ကနေ ဦးခေါင်းထဲကို ဝင်သွားတယ်လို့ ဆေးမှတ်တမ်းမှာ ဖော်ပြပါတယ်။

ကျည်ဆန်အစဟာ ဦးခေါင်းထဲမှာပဲ ရှိနေတုန်းမို့ မရတီမိုးမြင့်ရဲ့ ဘယ်ဘက်လက်နဲ့ ခြေထောက်တို့ဟာ လှုပ်လို့ မရတော့ဘူးလို့ မိသားစုက ပြောပါတယ်။

မရတီမိုးမြင့်မှာ မိသားစုဝင် လေးဦးရှိပြီးတော့ ဖခင်ဖြစ်သူဟာ ရေတွင်းတူးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုသူဖြစ်ပါတယ်။

မိသားစုလေးယောက်လုံးက ဖခင်ရဲ့ ဝင်ငွေပေါ်မှာပဲ မှီခိုနေရတာပါ။ အခုကာလမှာ နိုင်ငံရေး အခြေအနေ တွေနဲ့ ကပ်ရောဂါ အခြေအနေတွေကြောင့် ဖခင်ဖြစ်သူရဲ့ ရေတွင်းတူးလုပ်ငန်းတွေ နားထားရပြီး သမီးဖြစ်သူ ခွဲစိတ်ကုသနိုင်ရေးအတွက် ငွေကြေးမတတ်နိုင်ဖြစ်နေတာပါ။

"ခွဲစိတ်ဖို့ကျတော့ ငွေကြေးက မတတ်နိုင်ဘူးဗျ၊ ဒီအတိုင်းပဲ ကုနေရတယ်"

မရတီမိုးမြင့်တို့ဟာ ငွေကြေးချို့တဲ့ကြတဲ့ မိသားစုတွေဖြစ်လို့ ခုလိုမျိုး အရေးပေါ်မဖြစ်မနေဆေးကုသဖို့ လိုအပ်လာတဲ့ အချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာလို့ ကလေးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့အိမ်က သူ့အဖေက ရေတွင်းတူးတယ်၊ အခြေခံလူတန်းစားဖြစ်တော့ ငွေကြေးချို့တဲ့တယ်၊ ခုလို ဖြစ်လာတဲ့အချိန်မှာ ကလေးအသက်ရှင်ရေးအတွက် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ သွားကုမယ် ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့လေ”

ကလေးမြို့ကနေ မန္တလေးလိုမြို့ကြီးက အဆင့်မြင့်ဆေးရုံတွေမှာ သွားရောက်ခွဲစိတ်ကုသမယ်ဆိုရင် ဖြစ်နိုင်ပေမယ့် လမ်းစားရိတ်၊ ဆေးကုသစားရိတ်၊ တည်းခိုနေထိုင်ရေး စတဲ့ အခက်အခဲတွေ ရှိနေပါတယ်။

kale-child.JPG
(စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန်စ ဦးခေါင်းထဲဝင်နေတဲ့ ကလေးမြို့က ၅ နှစ်အရွယ် မိန်းကလေးငယ်ကို တွေ့ရစဉ် - Photo: CJ)

စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်သူတွေကို လက်နက်နဲ့နှိပ်ကွပ်နေပြီး ပြည်သူတွေ ကြောက်လန့်သွားအောင် ပစ်ခတ်နေတာဟာ မှားယွင်းတဲ့ လုပ်ရပ်လို့ ကလေးမြို့က သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ ဒီလို ပစ်ခတ်မှုတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ အသက်သေဆုံး ထိခိုက်ဒဏ်ရာရနေတယ်လို့လည်း ဆိုပါတယ်။

“သူတို့က ကြီးကြီးငယ်ငယ် ဂရုမစိုက်ဘူး၊ ငါတို့ကို ဆန့်ကျင်တဲ့သူ ဒီလိုဖြစ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ ပြည်သူ တွေထဲ အကြောက်တရားဝင်အောင် ရိုက်သွင်းတဲ့ပုံစံမျိုးလုပ်နေတယ်။ ဒါပေမဲ့ သူတို့ အဲလိုလုပ်လေ၊ ပြည်သူတွေက ကြောက်စိတ်မရှိလေ၊ တော်လှန်ရေးအတွက် အားထည့်လေ၊ အားစိုက်လေပေါ့၊ သူတို့ လုပ်တာတွေက လွဲနေတယ်။ သူတို့က ကလေးသူငယ်တွေ၊ အသက် ကြီးတာ၊ ငယ်တာ နားမလည်ဘူး။ ရမ်းသမ်းပစ်ခတ်တယ်။ အာဏာသိမ်းတာလည်း ခြောက်လထဲ ဝင်လာပြီ။ ဒီဘက်ကလည်း လက်မခံ ဘူးပေါ့နော်၊ အသိအမှတ်လည်း မပြုဘူး။ သူတို့ လုပ်ပုံကိုင်ပုံက လွဲမှားနေတာပေါ့”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့သူ လူပေါင်း ၉ဝဝ ကျော်၊ ဖမ်းဆီးခံထားရသူ ၆၇ဝဝ နီးပါး ရှိသွားပြီဖြစ်ပြီးတော့ အဲဒီထဲက လူပေါင်း ၅၂၀၀ ကျော်ဟာ လက်ရှိအချိန်ထိ အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ခံထားရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။