အဲဒီ မောင်ကျော်စွာဝင်းဟာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး၊ ၁၉၈၉ ခုနှစ် သူ ၁၄ နှစ်သားအရွယ် ၇ တန်းကျောင်းသားဘဝက အထက(၃) မြောက်ဥက္ကလာပမှာ ကျောင်းသွားနေတုန်း ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်မှာ ကျန်းမာရေး ဆိုးဝါးလို့ရန်ကုန်တိုင်း မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ ဆေးရုံက ဆင်းပြီးတဲ့အချိန် စစ်တပ်ကို ပြန်လည်သွားခြင်း မရှိတော့ပဲ မိသားစုဝင်တွေနဲ့အတူ မြောက်ဥက္ကလာပမှာ ပြန်နေထိုင်ခဲ့ပါတယ်။
ဒီနှစ်မတ်လမှာ စစ်တပ်က လာရောက် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၄ နှစ်နဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က လှေလှော်အင်း ရဲဘက်စခန်းမှာ ရောက်ရှိနေပါတယ်။
ဒီအမှုကို အိုင်အယ်လ်အိုရုံးခွဲမှာ ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်မေဝင်းက အိုင်အယ်လ်အို ရုံးခွဲအနေနဲ့ စစ်အစိုးရထံ လွှတ်ပေးဖို့ တင်ပြထားပြီး ဖြစ်ပေမဲ့ အခုအချိန်အထိ ပြေလည်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
“အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ နှစ်ဆိုပြီး ချလိုက်ပြီ။ အင်းစိန်၊ အင်းစိန်ကနေပြီးတော့ အခု ဝက်လက် လှေလှော်အင်းစခန်းကို ပို့လိုက်တာပါ။ အဲဒီ ပို့လိုက်တဲ့ အချိန်ကမှ ကျွန်မတို့က ILO သွားတင်ပြတယ်။ ဒီလိုဒီလိုပဲ နောက်ပြီးတော့ သူက အော်ပရေးရှင်း လုပ်ရမဲ့ ကေ့စ်ကြီးက ဒီရက်ပိုင်းအတွင်းမှာ သူ့ကို မဖမ်းခင် အတွင်းမှာပဲ ကျွန်မတို့က ဆေးစာတွေ တွဲပြီး တင်ထားတယ်။”
“အဲဒီတော့ ပါးမှာလည်း ပါးပေါက်နာကြီး ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ သူ့ကို အမြန်ဆုံး ပြန်လွှတ်ဖို့၊ မလွှတ်ပေးနိုင်ဘူး ဆိုရင်လည်း ဆေးဝါးကုသပေးဖို့ပေါ့နော်။ အဲဒီတော့ အဲဒီ ILO ကနေပြီးတော့ သူတို့ဆီကို ဆေးဝါးကုသခွင့် ပေးဖို့ဆိုပြီးတော့ ပို့လို့ ကျွန်မတို့ ကိုယ်တိုင်ကလည်းပဲ အဲဒီ တပ်ရင်း ဆက်သွယ်ရေး (၂) မှာ သွားပြီး အင်းတိုင်မှာ တင်ပြပါတယ်။ကျွန်မ အပါအဝင် သူ့အစ်မရော။ အဲဒီတော့ ဗိုလ်ကြီး သက်ဖြိုးဆွေ ကိုယ်တိုင်က ကျွန်တော်တို့ အထက်ကို တင်ပြပေးမယ်ဆိုပြီး ဆေးကုသခွင့် မရဘူး။ အခုလည်း ရဲဘက်စခန်းမှာ ကျန်းမာရေးအရ တော်တော် ထိခိုက်နေတယ်။”
မောင်ကျော်စွာဝင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစ်မဖြစ်သူ ဒေါ်နီလာဝင်းက ရဲဘက်စခန်းမှာ သွားတွေ့ခဲ့တဲ့ အချိန်မှာ ကျန်းမာရေး ဆိုးဝါးနေတယ်လို့ ပြောပါတယ်။
RFA မှ ဦးဝင်းနိုင်က ဒီအကြောင်း အသေးစိတ် ဆက်သွယ် မေးမြန်းထားပါတယ်။