တစ်ကိုယ်တော်ဆန္ဒပြသူ ပုဒ်မ ၁၉ နဲ့ ဖမ်းဆီးခံရ


2017.09.23
naylinsoe-protest-622 ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ စက်တင်ဘာလ ၁၃ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိုနေလင်းစိုး(ခေါ်) ကိုဖိုးစနေ (အလယ် အကျီၤအဖြူဝတ်ဆင်ထားသူ)ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွှတ်ပေးရေး နဲ့ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေး စစ်သားဟောင်း ကိုအောင်ကိုထွေး လွတ်မြောက်ရေးအတွက် ဒီကနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော်ခဲ့တဲ့ ကိုနေလင်းစိုး(ခေါ်) ကိုဖိုးစနေကို ကျောက်တံတားမြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ နဲ့ ဆန္ဒထုတ်ဖော်နေချိန်မှာပဲ ဖမ်းဆီးခဲ့ပါတယ်။

ကိုနေလင်းစိုး (ခေါ်) ကိုဖိုးစနေက သူ့ရဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပြည်သူတရပ်လုံး အခုအချိန်ထိ ဆင်းရဲခြင်း တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် ပြည်သူတွေ အခုအချိန်ထိ ထိခိုက်မှုတွေ အများကြီးမြင်တွေ့နေရတယ် ၊ ခေါင်းဆောင်ကောင်းတွေကို ကျနော်တို့ မွေးထုတ်နိုင်ပေမယ့် စစ်တပ်ကအခုအချိန်ထိ အချုပ်အခြာ အာဏာထဲမှာ ရှိနေတဲ့အတွက်မို့လို့ ကျနော်တို့တွေဟာ ယနေ့အချိန်ထိ တပ်မတော်ရဲ့ ဖိအားကို ခံစားနေရခြင်းပဲဖြစ်တယ်၊ ကျနော်တို့ ဒီနေ့ တောင်းဆိုရတဲ့ အချက် ၃ ချက်ကတော့ တရားဥပဒေ တည်ငြိမ်စိုးမိုးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ စစ်တပ်ကမတရားဖမ်းဆီး မတရားတရားစွဲဆိုခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေ တဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေ အားလုံး အမြန်ဆုံးပြန်လွှတ်ရေးအတွက် ကျနော်တို့ ဒီနေ့ တောင်း ဆိုနေရခြင်းပဲ ဖြစ်ပါတယ်"

ကိုနေလင်းစိုးဟာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ ၁၉ နဲ့ ကျောက်တံတားမြို့နယ်တရား ရုံးမှာ အမှု ၃မှု ရင်ဆိုင်နေရတာဖြစ်ပြီး တရားရုံးက ဖမ်းဝရမ်းထုတ်ခံထားရတာဖြစ်တဲ့အတွက် ကျောက်တံတား မြို့နယ်ရဲစခန်းမှာ ဒီနေ့ထိန်းသိမ်းထားလိုက်ပြီ ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာ ၂၅ ရက်နေ့မှာ ကျောက်တံတားမြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။