ကလေးစစ်သား ပြန်ခေါ်ဖို့ကြိုးစား

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အောင်လှိုင် ကျေးရွာက မောင်ကျော်ဇင်ဦးကို အသက်မပြည့် သေးမီ စစ်တပ်က စစ်သားသစ် အဖြစ် စုဆောင်းခံ ခဲ့ရတဲ့အတွက် မိဘတွေက ပြန်ခေါ်ယူဖို့ ကြိုးပမ်း နေပါတယ်။

2011.08.12
child-soldier ၂၀၁၁ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်မှာ မြန်မာကလေးစစ်သားဟောင်း မောင်ဟိန်းမင်းအောင် ကိုယ်တိုင် သူကိုယ်တိုင် တွေ့ကြုံခဲ့ရသည့် ကလေးစစ်သား ဘဝအကြောင်း တက်ရောက် ထွက်ဆိုခဲ့ပါသည်။
Photo: RFA

အောင်လှိုင် ကျေးရွာနေ အဘ ဦးမြင့်လွင် အမိ ဒေါ်စမ်းဝင်း တို့ရဲ့သားဖြစ်သူ မောင်ကျော်ဇင်ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က အသက် ၁၇ နှစ်အရွယ်မှာ တပ်သားသစ် အဖြစ် စုဆောင်း ခံခဲ့ရတာ ဖြစ်တယ်လို့ မောင်ကျော်ဇင်ဦး ကိစ္စကို လိုက်လံ ဆောင်ရွက် နေတဲ့ ဦးလေးဖြစ်သူက အခုလို ပြောပါတယ်။

“ခေါ်သွားတဲ့ အချိန်က ၁၇နှစ် ကျော်ပေါ့။ သူ့ မွေးသက္ကရာဇ်က ၁၆၊ ၇၊ ၁၉၉၃။ မိတ္ထီလာ လေတပ် လေ့ကျင့်ရေး စခန်းမှာပါ။ ပထမတုန်းက တော့ HRDP နဲ့ ဆက်သွယ် ဆောင်ရွက်ခဲ့ပါတယ်။ အခု ILO ကိုတင်ပြ နိုင်ပါပြီ။ လိုအပ်တဲ့ အထောက်အထားတွေ ပေးလိုက် ပါပြီ”

မောင်ကျော်ဇင်ဦး ပျောက်ဆုံး သွားပြီးနောက် ဘိုကလေးမှာ ရုံးစိုက်တဲ့ World Vision နဲ့ ဆက်သွယ် ဆောက်ရွက် ခဲ့ကြောင်း၊ အဲဒီနောက် ပြီးခဲ့တဲ့ ဇူလိုင်လ ကုန်ပိုင်းကမှ HRDP နဲ့ ထပ်မံ ဆက်သွယ် ဆောင်ရွက် ခဲ့ကြောင်း မိသားစုက ပြောပါတယ်။

မောင်ကျော်ဇင်ဦးဟာ နာဂစ် ပြန်လည် ထူထောင်ရေး အတွက် ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တဲ့ ရန်ကုန်က အလုပ်သမားတွေနဲ့ ၂၀၁၀ ခုနှစ်က ရန်ကုန်ကို လိုက်သွားခဲ့ပြီး မိသားစုနဲ့ အဆက်အသွယ် ပြတ်သွား ခဲ့ပါတယ်။

မောင်ကျော်ဇင်ဦး အတွက် ဖျာပုံအခြေစိုက် အမှတ် ၉၈ ခြေလျင် တပ်ရင်း ကျန်းမာရေး ဌာနကို ဆေးစာ တောင်းခံခဲ့တဲ့ အထောက်အထားအရ မောင်ကျော်ဇင်ဦးဟာ အသက် မပြည့်မီ စစ်သားအဖြစ် စုဆောင်း ခံထားရတယ် ဆိုတာကို သိရှိ ခဲ့ရတယ်လို့ အကူအညီ ပေးနေတဲ့ HRDP ဦးစောဘန်ကူး က အခုလို ပြောပါတယ်။

“မောင်ကျော်ဇင်ဦးဟာ အသက်မပြည့်သေးဘဲ တပ်သားသစ် စုဆောင်း ခံရတာနဲ့ ပတ်သက်ပြီးတော့ ဒီဇင်ဘာ ၂၀ ရက် ၂၀၁၀ တုန်းက ဘိုကလေးမြို့နယ် ဆေးရုံအုပ်ကြီးဆီကို သူ့အသက်နဲ့ ပတ်သက်တဲ့ ထောက်ခံစာ တောင်းထားတာ ရှိတယ်။ အနောက်တောင်တိုင်း စစ်ဌာနချုပ် ၂၀၁၁ ဒီဇင်ဘာ ၈ ရက်နေ့နဲ့ ပေးပို့ထားတဲ့ စာအရ ဒီကလေး စစ်တပ်ထဲမှာ ရှိနေတယ်ဆိုတာ သေချာ ပါတယ်”

မောင်ကျော်ဇင်ဦး ကို မိဘရပ်ထံ ပြန်လည် ခေါ်ယူနိုင်ရေး အတွက် ILO အလုပ်သမား အဖွဲ့ချုပ်ကို အကူအညီ တောင်းခံ ထားသလို၊ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ် အကြောင်း ကြားဖို့ စီစဉ်နေတယ်လို့လဲ HRDP အဖွဲ့ဝင် ဦးဘန်ကူးက ပြောခဲ့ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။