မောင်ထိပ်ကွက် အမှု စတင်ကြားနာ

ဟင်္သာတမြို့က လ္ဘက်ရည်ဆိုင် ပိုင်ရှင်ရဲ့ နှိပ်စက်တာကို ခံခဲ့ရတဲ့ ၉ နှစ်သား အရွယ် မောင်ထိပ်ကွက်ခေါ် မောင်စိုးထက်အောင်ရဲ့ အမှုကို စတင် ကြားနာ စစ်ဆေးနေပြီ ဖြစ်ကြောင်း သတင်းရရှိ ပါတယ်။

2011.07.08

ပြီးခဲ့တဲ့လ ဇွန်လ ၂၅ ရက်နေ့က ဟင်္သာတမြို့ ဗိုလ်ချုပ်လမ်း ဦးပါရယ် ဘုရားရှေ့You and Me လဘက်ရည်ဆိုင်မှာ အလုပ်သမား အဖြစ် အလုပ် လုပ်ကိုင်နေရတဲ့ အသက် ၉ နှစ် အရွယ် မိဘမဲ့ ခလေး မောင်စိုးထက်အောင် ဟာ ဆိုင်ပိုင်ရှင် ဖြစ်တဲ့ ကိုဆက်မူးဌေးဝင်း နဲ့ဇနီးဖြစ်သူ မစုမွန် တို့ရဲ့အပြင်းအထန် ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရပါတယ်။

ကာယကံရှင် မောင်စိုးထက်အောင်က အခုလို ပြန်ပြောပြပါတယ်။

"သားအဲဒီဆိုင်က မလုပ်ချင်လို့ ထွက်သွားတာ၊ ဘူတာကို သူတို့ လင်မယား နှစ်ယောက် လိုက်ခေါ်ပြီးတော့ ဆိုင်ကယ်ကို ခွထိုင်ပြီးတော့ သားကို ခေါ်သွားတာ အိမ်ရောက်ရင် မင်းသေပြီသာ ပြင်ထားတော့တဲ့။ သားကို ဆောင့်ကန်တယ်။ ရေနံဆီ မီးပူနဲ့ တို့တယ်။ သွပ်ကြိုးကို မီးရှို့ပြီးတော့ တို့တယ်။ ပိုက်လုံးကို မီးရှို့ပြီးတော့ တို့တယ်။ သားက သူကျွေးတဲ့ ခွေးချီးကို စားရတယ်။"

မောင်စိုးထက်အောင်ကို အိမ်ကနေ ထွက်သွားတဲ့အတွက် ဆိုကာ လိုက်လံဖမ်းဆီးပြီး ထုတ်တန်းမှာ တစ်ညလုံး ဆွဲချည်ထားပြီး တစ်ကိုယ်လုံး အနှံ မီးပူနဲ့တို့၊ သံပူ၊ ပလပ်စတစ်ပူနဲ့ တို့ခဲ့တဲ့ အပြင် ထိုးကြိတ် ရိုက်နှက်ခဲ့ပါတယ်။

ဒီအမှုကို ဇူလိုင်လ ၃ ရက်နေ့ ကတည်းက စတင်ပြီး ဟင်္သာတ တရားရုံးမှာ တရားသူကြီး ဦးတင်ထွန်း က စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း ဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။

"ကျနော်တို့ စဖြစ်စတုန်းကတော့ ရဲအုပ် ဇော်မိုးနိုင် အမှတ် (၁) ရဲစခန်းမှူးကနေပြီးတော့ ပုဒ်မ ၃၂၄ နဲ့စွဲတော့ အာမခံ ရသွားတယ်။ ၃၂၄ တော့ နည်းတယ် ဆိုပီးတော့ သူတို့ အထက် လူကြီးကနေ ဥပဒေ ပြန်ပြင်စွဲပါ ဆိုတော့ ပုဒ်မ ၃၂၆ နဲ့ စွဲတယ်။ အဲဒီကျတော့ အာမခံ မပေးဘဲနဲ့ အချုပ်ထဲ ပြန်ထဲ့လိုက်တယ်။ ၃ ရက်နေ့မှာ တရားရုံး တင်တယ်။ ရှေ့နေ မောင်မောင်ကြည်ဝင်း ကနေ တရားလိုဖက်က လိုက်ပြီးတော့ မြို့နယ် တရားသူကြီး ဦးတင်ထွန်းရဲ့ ရုံးခန်းမှာ သူတို့ အမှုကို စတင် ကြားနာပါတယ်။ "

မောင်စိုးထက်အောင်ကို အိမ်နီးချင်းတွေက၊ ဆေးရုံကို လိုက်လံ ပို့ဆောင်ပေးခဲ့ ပါတယ်။ ဟင်္သာတ ဆေးရုံကြီးမှာ ၆ ရက် ဆေးကုသ ခံခဲ့ရပြီး၊ ပြီးခဲ့တဲ့ ၂ ရက်နေ့က ဆေးရုံက ပြန်ဆင်းခဲ့တယ်လို့ သိရပါတယ်။ အခု အချိန်အထိ ဒဏ်ရာတွေ ဆက်လက် ရှိနေသေးပြီး၊ စိတ်ပိုင်း နဲ့ရုပ်ပိုင်း နှစ်ပိုင်းစလုံး ဆက်လက် ခံစားနေရဆဲ ဖြစ်တယ်လို့ ကူညီ စောင့်ရှောက်ပေးနေသူတွေက ပြောဆိုပါတယ်။

အပြည့်အစုံကို ဦးဇော်မိုးကျော်က တင်ပြပါလိမ့်မယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-07-08 16:30

The best news in 2011