ဆူပူမှုလုပ်ဖို့ စည်းရုံးသူကို နိုင်ငံတော် အကြည်ညိုပျက်မှုနဲ့ စစ်ဆေးမည်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဆူပူမှု ပြုလုပ်ဖို့အတွက် မကွေးမြို့မှာ လူအင်အား စုဆောင်းသူကို နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄ (က) နဲ့ မကွေးခရိုင်တရားရုံးမှာ မနက်ဖြန် စစ်ဆေးသွားမယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီး ဦးနေမျိုးကျော်က ပြောပါတယ်။
-
2017-10-18 -

စွပ်စွဲခံထားရသူကို တရားရုံးက စစ်ဆေးဖို့အတွက် မနေ့က ဆင့်ခေါ်ခဲ့သလို တရားလိုဖြစ်တဲ့ မကွေးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဆွေ ကိုလည်း ခေါ်ယူစစ်ဆေးခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်က ပြောပါတယ်။
"မနေ့ကတော့ တရားရုံးမှာ ဆင့်ခေါ်မှု စလုပ်ပါတယ်။ ၁၂၄ (က) ပေါ့နော်။ နိုင်ငံတော်ကို ဒါအကြည်ညို ပျက်စေအောင်လို့ ပြုလုပ်တယ်ဆိုတဲ့ ပုဒ်မနဲ့ သူ့ကို တရားရုံးက ခေါ်ယူစစ်ဆေးမှု စပါတယ်။ ဟိုဟာပေါ့နော် တရားခွင်စပါတယ်။ တရားခွင် စတဲ့အတွက် ကျနော်တို့ အစိုးရဘက်ကနေမှ တာဝန်ယူ တရားစွဲဆိုတဲ့ ညွှန်ကြားရေးမှူး ဦးသန်းဆွေ တရားခွင်ကို သွားပါတယ်။"
မနက်ဖြန် ရုံးချိန်းမှာ စွပ်စွဲခံရသူဘက်က မလာရောက်ဘူးဆိုရင် တရားရုံးက လုပ်ထုံးလုပ်နည်းနဲ့ အညီ ဝရမ်းထုတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အမ်းမြို့မှာ ဆူပူမှုတွေ ပြုလုပ်ဖို့အတွက် မကွေးမြို့မှာ လူတစ်ယောက်ကို ကျပ်ငါးသိန်းပေးပြီး စည်းရုံးနေတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက မီဒီယာတွေကို ပြောခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အစိုးရအဖွဲ့ကိုယ်စား အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဆွေက တရားလိုလုပ်ပြီး တရားစွဲခဲ့ပေမယ့် စွပ်စွဲခံရသူရဲ့ အမည်ကိုတော့ အစိုးရအဖွဲ့က ထုတ်ဖော်ပြောကြားမှု မရှိပါဘူး။