မချောစန္ဒီထွန်းအမှု အာမခံလျှောက်ထားချက် ပယ်ချခံရ
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ အသရေဖျက်မှု ပုဒ်မ ၅ဝဝ တို့နဲ့ မအူပင် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မချောစန္ဒီထွန်းကို အာမခံပေးဖို့ နဲ့ ပုဒ်မ ၅၀၀ ကို ပယ်ဖျက်ပေးဖို့ ရှေ့နေဖြစ်သူက လျှောက်ထားတာကို မအူပင်မြို့နယ် တရားသူကြီးက ပယ်ချလိုက်ပါတယ်။
-
2015-11-24 -
-
-
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ အသရေဖျက်မှု ပုဒ်မ ၅ဝဝ တို့နဲ့ မအူပင် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မချောစန္ဒီထွန်းကို အာမခံပေးဖို့ နဲ့ ပုဒ်မ ၅၀၀ ကို ပယ်ဖျက်ပေးဖို့ ရှေ့နေဖြစ်သူက လျှောက်ထားတာကို မအူပင်မြို့နယ် တရားသူကြီးက ပယ်ချလိုက်ပါတယ်။
မအူပင်မြို့နယ်တရားရုံးမှာ ဒီနေ့ရုံးထုတ်ရာ မြို့နယ်တရားသူကြီးက ပယ်ချလိုက်တာ ဖြစ်တယ်လို့ မချောစန္ဒီထွန်းရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြော ပါတယ်။
"ကျနော်တို့ အာမခံထပ်လျှောက်တယ်၊ အာမခံပေးလို့မရတဲ့ ပုဒ်မဖြစ်လို့ ပယ်ပါတယ်တဲ့၊ နောက်တစ်ချက်က ပုဒ်မ ၅၀၀နဲ့ သီးခြားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက် လို့ ပြစ်မှုဆိုင်ရာတည်ဆဲဥပဒေပုဒ်မ ၁၉၈ အရ စွဲလို့မရလို့ ပယ်ဖျက်ပေးပါဆိုတော့လည်း အဲ့ဒါကိုပယ်လိုက်တယ်"
အသရေဖျက်မှု ပုဒ်မ ၅၀၀ ဟာ ကိုယ်တိုင်နစ်နာသူကသာ စွဲဆိုရတာဖြစ်ပြီး ကိုယ်စားစွဲဆိုလို့မရတာကြောင့် အဲဒီပုဒ်မ ၅၀၀ နဲ့ စွဲဆိုထားတာကို ပယ်ဖျက်ပေးဖို့ တရားရုံးကို လျှောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကျဉ်းထောင်ထဲကို ခြင်ထောင်ယူဆောင်ခွင့်ပေးဖို့ လျှောက်ထားတာ ကိုလည်း ပယ်ချလိုက်တယ်လို့ သိရပါတယ်။
တပ်မတော်ဝတ်စုံအရောင်ပြောင်းလဲတာနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓါတ်ပုံနဲ့ သရော်ထားတဲ့ စာကို ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကြောင့် မချောစန္ဒီထွန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ဖမ်းဆီးခံရ တာဖြစ်ပါတယ်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓာတ်ပုံကို ပြုပြင်ပြီး ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ကချင်အမျိုးသား ဦးပက်ထရစ်ခွန်ဂျာလီလည်း ကျန်းမာရေးဆိုးရွားနေတာကြောင့် လှိုင်မြို့နယ် တရားရုံးမှာ မနေ့က ရုံးထုတ်ရာ အာမခံပေးဖို့ လျှောက်ထားပေမယ့် ပယ်ချခံခဲ့ရပါတယ်။
ဒီအတောအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သာယာဝတီ အကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြရာကနေ အစာအိမ်ရောဂါကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကျောင်းသားကိုဖြိုးဓနကို သာယာဝတီမြို့နယ်တရားရုံးက ဒီနေ့ အာမခံပေးလိုက်ပါတယ်။
ကိုဖြိုးဓနက ကျန်းမာရေးအခြေအနေ ဆိုးရွားနေတာကြောင့် ဒီနေ့ ရုံးထုတ်မှာ အာမခံပေးဖို့ တင်ပြတာကို တရားသူကြီးက လက်ခံလိုက်တာဖြစ်တယ် လို့ ကျောင်းသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်က ပြောပါတယ်။
ဒီနေ့ ရုံးထုတ်မှာ တရားစွဲခံထားရသူ အားလုံးမစုံတာကြောင့် အမှုကို စစ်ဆေးနိုင်ခြင်းမရှိဘဲ လာမယ့် ဒီဇင်ဘာလ ၁ရက်နေ့ ရုံးထုတ်မှာ တရားလိုဖြစ်တဲ့ လက်ပံတန်းမြို့နယ် ရဲစခန်းမှူး ဦးဖုန်းမြင့်ကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ရုံးထုတ်မှာ ကျန်းမာရေးမကောင်းတဲ့ မဟန်နီဦး၊ ကိုမင်းမင်းဇော်နဲ့ ကိုခင်မောင်ဝင်းတို့ကို သာယာဝတီ မြို့နယ်ဆေးရုံမှာ ဆေးစစ်ပေးခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ပေးဖို့ သပိတ်မှောက်ဆန္ဒပြတာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၅ ခုနဲ့ သာယာဝတီအကျဉ်းထောင် မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူနဲ့ ဝန်းရံသူ ၅၂ ဦး ရှိနေပါတယ်