ချောင်းဦး ညောင်ပင်တဲရွာက နေအိမ် ၁၂၀ ခန့် မီးရှို့ခံရပြီး ရွာခံတစ်ဦး အသတ်ခံရ

RFA Burmese
2023.12.22
ချောင်းဦး ညောင်ပင်တဲရွာက နေအိမ် ၁၂၀ ခန့် မီးရှို့ခံရပြီး ရွာခံတစ်ဦး အသတ်ခံရ မီးရှို့ခံလိုက်ရသည့် ညောင်ပင်တဲရွာကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ က တွေ့စဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နဲ့ သုံးမိုင်အကွာမှာရှိတဲ့ ညောင်ပင်တဲရွာကို စစ်ကောင်စီတပ် စစ်ကြောင်းက ဒီဇင်ဘာလ ၂၁ ရက် မနေ့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၂၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီး ရွာခံအမျိုးသားတစ်ဦးလည်း သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တစ်ရွာလုံးမှာ အိမ်ခြေ ၂၄၇ အိမ်ရှိတဲ့အနက် ၁၁၈ အိမ်က မီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး စစ်ကြောင်းပြန်ထွက်စဉ် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းမှာတော့ ညောင်ပင်တဲရွာသား အသက် ၅၅ နှစ်အရွယ် ဦးဇော်ဝင်းရဲ့ ရုပ်အလောင်းကိုလည်း ပြန်တွေ့ခဲ့တယ်လို့ ညောင်ပင်တဲရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“အလောင်းကတော့ ရက်ရက်စက်စက် သတ်သွားတာ တွေ့ရတယ်။ ခေါင်းက တစ်ခြမ်းပဲကျန်တော့တယ်။ ရွာကအိမ်တွေကိုတော့ သူတို့သုံးရက်လောက် မီးရှို့တာပေါ့။ မနေ့ကတော့ ကင်မွန်းတော်ကို ရိက္ခာပို့ပြီးအပြန် လေးနေရာလောက်က ပတ်ရှို့သွားတာ။ ရွာက ရိတ်သိမ်းပြီးစ မိုးစပါးတွေလည်း သူတို့သယ်သွားကြတယ်”

ရွာမှာရှိတဲ့ ရိတ်သိမ်းပြီးစ မိုးစပါး တင်း နှစ်ထောင်ခန့် နဲ့ ဓာတ်မြေဩဇာအိတ် အလုံး ငါးဆယ်ခန့်ကိုလည်း စစ်ကြောင်း ယူဆောင်သွားပြီး ရွာက ကျွဲနွားတိရစ္ဆာန် ဆယ်ကောင်ခန့်လည်း သတ်ဖြတ်ခံရတယ်လို့ သူက ဆိုပါတယ်။

ဒီစစ်ကြောင်းဟာ ဒီဇင်ဘာလ ၁၄ ရက်ကတည်းက ချောင်းဦးမြို့ပေါ်ကနေ စစ်ကောင်စီတပ်သား တစ်ရာခန့်နဲ့ ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အရပ်သား ရှစ်ဆယ်ခန့်ကိုလည်း စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့ပေါ်ကို မနေ့က စစ်ကြောင်းပြန်ရောက်စဉ်မှာတော့ ဖမ်းထားတဲ့ အရပ်သားတွေကို လွှတ်ပေးလိုက် ပြီလို့ ချောင်းဦးမြို့ခံတစ်ဦးက ပြောပါတယ်။

“မနေ့က ညနေစစ်ကြောင်းပြန်ရောက်တော့ အရပ်သားတွေလွှတ်ပေးဖို့ ဘုန်းကြီးတွေ ဘာတွေခေါ်ပြီး သွားထုတ်ကြတယ်။ အခုတော့ အားလုံးလွှတ်ပေးလိုက်ပြီလို့တော့ ကြားတယ်”

ဒီစစ်ကြောင်းဟာ ချောင်းဦးမြို့နဲ့ ရှစ်မိုင်ခန့်ဝေးတဲ့ စစ်တပ် အမြဲတမ်းအထိုင်ချထားတဲ့ ကင်မွန်းတော်ရွာကို ရိက္ခာပို့ဆောင်တာဖြစ်ပြီး ညောင်ပင်တဲအပါအဝင် အနီးအနားရွာတချို့က မိုးစပါးတွေ တင်းထောင်နဲ့ ယူဆောင်ပြီး ကင်မွန်းတော်ရွာကို ပိုဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းထွက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်မှာကြောင့် အရပ်သားတွေကို စစ်ကြောင်းနဲ့အတူ ရောနှောခေါ်ဆောင်လာတာဖြစ်ပြီး စစ်ကြောင်းထိုးစဉ်ရက်တွေအတွင်း တိုက်ပွဲဖြစ်ခဲ့လို့ တိုက်ပွဲအတွင်း အရပ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကြောင်းစထွက်တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း ရပ်ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက် တာကြောင့် ပေါက်ပင်ရွာက အသက် ငါးဆယ်အရွယ် အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကတော့ တာဝန်နဲ့ ခရီးထွက်နေတာဖြစ်တာကြောင့် ချောင်းဦးမြို့နယ်ထဲက ဖြစ်စဉ်အသေးစိတ်ကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

စစ်ကြောင်းထွက်သွားလို့ တိမ်းရှောင်နေတဲ့ ရွာတချို့က ဒေသခံတွေ နေရပ်ပြန်ကြပြီ ဖြစ်ပေမယ့် မီးရှို့ခဲ့ရတဲ့ ညောင်ပင်တဲ ရွာသူရွာသား ၁၄၀၀ ခန့်ကတော့ ရွာကို ပြန်မကပ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာလ ၁၅ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံမှာ တိုက်ပွဲတွေဖြစ်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၆ သန်းကျော် ရှိလာပြီလို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ အရပ်သားနေအိမ် ရှစ်သောင်းနီးပါး (၇၇,၂၇၄ လုံး) မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။