မော်လမြိုင်-ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးဖို့ အဆိုတင်သွင်း
2017.02.28

မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ်အကြား သံလွင်မြစ်ပေါ်မှာ ဆောက်လုပ်ထားတဲ့တံတားကို"ဗိုလ်ချုပ်အောင်ဆန်း" အမည် သတ်မှတ်ပေးဖို့ အဆိုကို ကန့်ကွက်သူရှိပေမယ့် ဆက်လက်ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ် လိုက်ပါတယ်။
တံတားအမည်ကို အများသားခေါင်းဆောင်ကြီး “ဗိုလ်ချုပ်အောင်ဆန်း”ရဲ့ အမည်နာမနဲ့ ဂုဏ်ပြုသတ်မှတ်ပေး ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက ဒီနေ့ တင်သွင်းခဲ့တာဖြစ်ပါတယ်။
"ကျမတို့နိုင်ငံမှာ သူရဲကောင်းတို့နာမည်များဖြင့် မှည့်ခေါ်ဆောက်လုပ်ထားတဲ့ တံတားများစွာရှိပါတယ်၊ ထိုထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနာမည်ဖြင့် တံတားတစ်စင်းမှမရှိပါဘူး"
အဲဒီအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ဆက်လက်ဆွေးနွေးဖို့ သင့် မသင့် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော်ရဲ့ သဘောထားမေးမြန်းရာ ကိုယ်စားလှယ် နှစ်ဦးက မတ်တပ်ရပ်ကန့်ကွက်ခဲ့ပါတယ်။
ကန့်ကွက်သူ နှစ်ဦးသာ ရှိတဲ့အတွက် အများဆန္ဒအရ ဆက်လက်ဆွေးနွေးမှာဖြစ်ကြောင်းနဲ့ ပါဝင်ဆွေးနွေး လိုသူတွေဟာ လာမယ့် မတ်လ ၃ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း ပေးရမှာဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ကြေညာခဲ့ပါတယ်။