ချောင်းဦးက ရွာတွေထဲ စစ်ကောင်စီတပ် ပစ်ခတ်လို့ ရွာသားတွေ ထွက်ပြေးနေရ

2021.06.19
ချောင်းဦးက ရွာတွေထဲ စစ်ကောင်စီတပ် ပစ်ခတ်လို့ ရွာသားတွေ ထွက်ပြေးနေရ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ ကုလားကြီးရွာနဲ့ ကင်းမွန်းတော်ရွာကို ဇွန်လ ၁၉ ရက် ဒီနေ့မနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာကာ သေနတ်တွေနဲ့ ပစ်ခတ်နေလို့ ရွာသားတွေ နီးစပ်ရာတောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကုလားကြီးရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကုလားကြီးရွာ စဝင်ကတည်းက သေနတ်ဖောက်ပြီး ဝင်လာတယ်။ ရွာမှာရှိတဲ့ ကြံ့ခိုင်ရေးအိမ်တွေ ကတော့ မထွက်ပြေးရဘူး။ NLD အိမ်တွေကတော့ အကုန်ထွက်ပြေးကြရတယ်။ ရွာထဲဝင်လာပြီး သေနတ်ဖောက်လို့ ကြောက်ပြီးထွက်ပြေးကြတာ။ ကင်းမွန်တော်ဝင်မှာကတော့ စာသင်ကျောင်းထဲ သူတို့ တပ်စွဲထားလို့ ဒေသခံတွေလည်း ထွက်ပြေးကြပြီ။ ကျွန်တော်တို့က သူတို့ကို မြင်ရင်ပဲ ကြောက်နေရတဲ့ အဖြစ် ဖြစ်နေတယ်။ သတင်းကြားရင်ကိုပဲ ထွက်ပြေးနေရပြီ။"

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ နီးပါးလောက်ဟာ ကုလားကြီးရွာထဲကို သေနတ်တွေနဲ့ ပစ်ဖောက် ဝင်ရောက်လာပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာပါဝင်တဲ့ ဦးစန်းဝေအိမ်ကို ဝင်ရောက် ရှာဖွေပြီး ဦးစန်းဝေကို မတွေ့ခဲ့ဘဲ အိမ်ထဲမှာဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုလားကြီးရွာဟာ ချောင်းဦးမြို့နဲ့ ၃ မိုင်အကွာမှာရှိပြီး အိမ်ခြေ ၄၀၀ ခန့်ရှိကာ လူဦးရေ ၁၀၀၀ ကျော် နေထိုင်ကြပါတယ်။ ကင်မွန်းထော်ရွာထဲကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်သွားတာ မရှိသေး ပေမယ့်လည်း ရွာသားအတော်များများကတော့ ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။

ကုလားကြီးရွာမှာ စစ်ကောင်စီထောက်ခံတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေလည်း နေထိုင်ကြပြီး ရွာထဲမှာ စစ်ကောင်စီဆန့်ကျင်သူတွေရှိနေတယ်လို့ သတင်းပေးသူတွေရဲ့ လက်ချက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခုလို ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ လုပ်တာလို့ ထွက်ပြေးနေရတဲ့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။