အခြေခံ ဥပဒေပြင် ဆင်ရေး ချောင်းဦး မှာ တောင်းဆိုဆန္ဒပြ

ဧပြီလ ၄ ရက်နေ့က ချောင်းဦးမြို့မှာ ပုဒ်မ ၅၉ (ဃ) နဲ့ (စ) တို့ကို ပြင်ဆင်ပေးဖို့အတွက် ဒေသခံ ၂ဝဝ လောက်က ဆန္ဒပြတောင်းဆိုနေစဉ်
ဧပြီလ ၄ ရက်နေ့က ချောင်းဦးမြို့မှာ ပုဒ်မ ၅၉ (ဃ) နဲ့ (စ) တို့ကို ပြင်ဆင်ပေးဖို့အတွက် ဒေသခံ ၂ဝဝ လောက်က ဆန္ဒပြတောင်းဆိုနေစဉ် (photo:RFA)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ချောင်းဦးမြို့မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ၊ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (ဃ) နဲ့ (စ) တို့ကို ပြင်ဆင်ပေးဖို့အတွက် ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲမှာ တောင်းဆိုခဲ့တာတွေနဲ့ပတ်သက်ပြီး ဆန္ဒပြခေါင်းဆောင် ဦးကျော်ဆွေက အခုလိုပြောပါတယ်။

"၂ဝဝ၈ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပုဒ်မ ၅၉ က(စ)ကို ပြင်ဆင်ပေးဖု့ိ အဓိကဦးတည်တာ ပါပဲ၊ဘယ်သူ က ခွင့်ပြုမပြုပြု ကျနော်တို့တောင်းထိုက်တောင်းထိုက်တဲ့ အခွင့်အရေးတွေတောင်း ခဲ့တယ်၊တင်ပြ မှှုတွေကိုလုပ်ခဲ့တယ် ဥပဒေဘောင်အတွင်း လုပ်ပေမဲ့ အကြိမ်ကြိမ်ပယ်ချခံရတာဖြစ်တဲ့အတွက် တာဝန်သိပြည်သူတစ်ယောက်ရဲ့အခန်းကဏ္ဍ ပြီးဆုံးသွားပြီလို့ ယူဆပါတယ်"

ဒီနေ့ ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မရပဲ ဆန္ဒပြတာဖြစ်တဲ့အတွက် ချောင်းဦးမြို့နယ် ရဲတပ်ဖွဲ့က တားမြစ်ခဲ့ပြီး ဥပဒေ အတိုင်း ဆောင်ရွက်သွားမယ်လို့ ချောင်းဦးမြို့နယ်ရဲမှူးး ဦးထွန်းကြည်က ပြောပါတယ်။

"ဥပဒေနဲ့မညီတဲ့အလုပ်ကို တစ်ခုမှမလုပ်ဘူး၊ဥပဒေနဲ့ညီညွတ်တဲ့ အလုပ်ပဲလုပ်မယ်၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးမှာ ကျနော့်ရဲ့ အဓိက လုပ်ငန်း တာဝန်ဖြစ်တယ်၊ ပြည်သူလူထုအထိန့်တလန့်ဖြစ်မယ်၊ ပြည်သူလူထုတွေကို စိတ်အနှောက်အယှက်ဖြစ်မယ့် အနေအမျိုး ဆိုရင်တော့ ဥပဒေနဲ့အညီကွယ်ကာတားဆီးရမဲ့တာဝန်က ကျနော့်ရဲ့ တာဝန်ပဲ"

ဆန္ဒပြခွင့်ကို သက်ဆိုင်ရာကိုတင်ပြခဲ့ပေမဲ့ ချောင်းဦးမြို့နယ်အတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူနေချိန်နဲ့ သံဃာတော်တွေ စာမေးပွဲဖြေ ဆိုနေချိန်ဖြစ် တဲ့အတွက် ငြင်းဆိုထားတာလို့ သိရပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့က ဆန္ဒပြပွဲကို တားမြစ်ခဲ့ပေမဲ့ ဆန္ဒပြသူတွေဟာ အစီအစဉ် ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။