အပြန်အလှန်ဆွေးနွေးဖို့ ကာဒီနယ်ချားစ်မောင်ဘိုတိုက်တွန်း

နိုင်ငံငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူတွေအားလုံး အပြန်အလှန်ဆွေးနွေးကြဖို့ ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုက တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတွင်း လက်ရှိပစ်ခတ်တိုက်ခိုက်မှု၊ မီးရှို့မှုတွေနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ ကာဒီနယ်ချားလ်စ်မောင်ဘိုက… စစ်ပွဲနဲ့ ဘယ်တော့မှ အဖြေရနိုင်မှာ မဟုတ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှာ မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

"အပြန်အလှန် ဆွေးနွေးခြင်းသည်သာလျှင် ငြိမ်းချမ်းဖို့ရာအတွက် တစ်ခုတည်းသောနည်းလမ်း ဖြစ်တယ်။ လူ့လောဘနဲ့ လူ့စိုးမိုးအုပ်ချုပ်ချင်တဲ့ ဆန္ဒကြောင့် ကံဆိုးမိုးမှောင်ကျပြီး ဒီဝဋ်ကနေမကျွတ်နိုင် ဖြစ်နေကြပါတယ်။ ဒါပေမဲ့ စစ်ပွဲနဲ့ အဖြေဘယ်တော့မှ မရနိုင်ဘူး။ အတတ်နိုင်ဆုံး ကြိုးစားပြီး စစ်နဲ့ အဖြေမရှာဖို့ အရေးကြီးပါတယ်။ စစ်ဟာသေခြင်းနဲ့ ဖျက်ဆီးခြင်းကို သယ်ယူလာပါတယ်"

အပြန်အလှန်ဆွေးနွေမှုမရှိရင် ပဋိပက္ခမီး ဆက်တောက်လောင်နေမှာဖြစ်ပြီး၊ အကြမ်းဖက်မှုကိုပါ ပိုဆိုးလာစေမယ်လို့ ဘုန်းတော်ကြီးက သတိပေးပါတယ်။ ဆွေးနွေးခြင်းသာလျှင် ရှေ့ဆက်ဖို့ နည်းလမ်းတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

000_UN8YT.jpg
This handout picture taken and released by the Vatican press office (Osservatore Romano) on November 28, 2017 shows Pope Francis (L) attending a private mass with Cardinal Charles Maung Bo, Archibishop of Yangon, in Yangon. - Pope Francis will hold talks with Myanmar's leader Aung San Suu Kyi on November 28, a key moment of a tour aimed at alleviating religious and ethnic hatreds that have driven huge numbers of Muslim Rohingya from the country. (Photo by Handout / OSSERVATORE ROMANO / AFP) / RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / OSSERVATORE ROMANO" - NO MARKETING NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS (HANDOUT/AFP)

အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေးနွေးဖို့မရှိဘူးလို့ စစ်အာဏာဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ အတော်များများက ထုတ်ဖော်ပြောဆိုထားကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကလည်း ဆွေးနွေးဖို့ လုံးဝမရှိဘူးလို့ အရင်က ပြောဆိုထားတာပါ။

ဒါပေမဲ့ မဖြစ်မနေ ဆွေးနွေးရမယ်ဆိုရင်‌တော့ စစ်ကောင်စီဘက်က ပြည်သူလူထုအပေါ် အကြမ်းဖက်တာတွေရပ်ဖို့၊ တပ်မတော်က နိုင်ငံရေးလောကကနေ ဆုတ်ခွာမယ်ဆိုတဲ့ အာမခံချက်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီ ပေးခွင့်တွေကို ခွင့်ပြုဖို့နဲ့၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပေဒ ဖျက်သိမ်းဖို့ စတဲ့အချက်လေးချက်ကို စစ်ကောင်စီဘက်က လိုက်နာရမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက Reuters သတင်းဌာနနဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က မေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာနဲ့ ဒေသတွင်း အာဆီယံနိုင်ငံတွေကလည်း တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတွေ့ဆုံဆွေးနွေးရေးတွေမှာ အဓိကကျတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့လိုတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ကို အာဆီယံနဲ့ ကုလကိုယ်စားလှယ်တွေက တောင်းဆိုထားပေမဲ့ စစ်ကောင်စီက လက်မခံဘဲ ငြင်းဆိုနေပါတယ်။

စစ်ကောင်စီဘက်ကလည်း အမှုရင်ဆိုင်နေရတဲ့သူတွေ၊ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုကတော့ "အပြန်အလှန်ဆွေးနွေးခြင်းလမ်းကို လူတိုင်းအဖို့ အခွင့်အရေးပေးပါ။ ပြောင်းလဲနိုင်ပါတယ်" လို့ မိန့်ပါတယ်။

ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုရဲ့ မွေးရပ်မြေဖြစ်တဲ့ ခင်ဦးမြို့နယ် မုံလှရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကရော ကုန်းကြောင်းကပါ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး လူကြီးနှစ်ဦးသေဆုံးပြီး နေအိမ်နှစ်ရာကျော် မီးရှို့ခံခဲ့ရပါတယ်။

ဒီလိုမွေးရပ်မြေ တိုက်ခိုက်ခံရတဲ့အပေါ် စိတ်မကောင်းဖြစ်တယ်လို့လည်း ကာဒီနယ်ချားစ်မောင်ဘိုက ပြောပါတယ်။ ဒါပေမဲ့ ကိုယ့်ရွာ သူ့ရွာ၊ ကိုယ့်လူမျိုး သူ့လူမျိုး၊ ကိုယ့်ကိုးကွယ်ဘာသာ သူ့ကိုးကွယ်ဘာသာလို့ မခွဲခြားဘဲ ငြိမ်းချမ်းရေးကိုပဲ လိုလားတယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ လက်ရှိဖြစ်နေတာတွေအတွက် တချို့ကို အပြစ်တင်စရာရှိပေမဲ့ အားလုံးမှာ တာဝန်ရှိတယ်လို့လည်း သူက မိန့်ပါတယ်။ မကြာခင် ခရစ္စမတ်ကာလ ကျရောက်တော့မှာမို့ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အပြန်အလှန်ဆွေးနွေးတာတွေ ဖြစ်ပေါ်လာဖို့ မျှော်မှန်းနေတယ်လို့လည်း ကာဒီနယ်ချားလ်စ်မောင်ဘိုက RFA ကို မိန့်ကြားခဲ့ပါတယ်။