ရှမ်းပြည်နယ်တောင်ပိုင်းက အသိမ်းခံလယ်ယာတွေပြန်ရရေး အစိုးရကိုတင်ပြမည်


2014.06.26

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်တပ်၊ အစိုးရဌာနဆိုင်ရာတွေနဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO တို့ သိမ်းထားတဲ့ လယ်ယာမြေဧကပေါင်း သုံးသိန်းကျော်ကို သက်ဆိုင်ရာဒေသခံတွေထံ ပြန်ပေးဖို့အတွက် ပြည်ထောင်စုအစိုးရထံ တင်ပြသွားမယ်လို့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။

ဒီနေ့ တောင်ကြီးမြို့မှာ ကျင်းပတဲ့ တောင်သူလယ်သမားဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဦးတင်မောင်တိုးက RFA ကို ပြောပါတယ်။

"အများစုကတော့ လွှတ်တော်လယ်ယာမြေနဲ့ အခြားသိမ်းဆည်းထားတာတွေကို လွှတ်တော်ကိုလေ ကျနော်တို့ တင်ထားပြီးသား ဒါပေမဲ့ တစ်ချို့နေရာတွေက လုံးဝကွင်းဆင်းစစ်ဆေးခြင်းမရှိသေးဘူး၊ အနည်းအကျည်းလေး ပဲ ပြထားတာပေါ့နော် ဒီနှီးနှောဖလှယ်ပွဲရဲ့ ရလဒ်တွေကို ရှမ်းပြည်နယ်အစိုးရနဲ့  နိုင်ငံတော်ပြည်ထောင်စုအစိုးရနဲ့ကို ကျနော်တို့ ထပ်တင်မယ်ပေါ့ ပြန်မရသေးတဲ့ဟာတွေလည်း ကွင်းလုံးဝမဖယ်ပေးတဲ့ဟာတွေလည်း ကျနော်တို့ထပ်ပြီး တင်ပြမယ်"

တောင်ကြီးမြို့ ရှမ်းစာပေယဉ်ကျေးမှုခန်းမမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး လယ်ယာမြေပြဿနာတွေကို ဒေသခံတောင်သူတွေနဲ့တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။

ဒီနေ့ တောင်သူလယ်သမားဆွေးနွေးပွဲကို တောင်ကြီးခရိုင်အတွင်းက ရာနဲ့ချီတဲ့ လယ်ယာမြေ ဆုံးရံှှုးထားသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်း တင်ပြထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။