ချိန်ခါလီကို အကြမ်းဖက်သမားတွေ မီးရှို့တာလို့ လွှတ်တော်ကိုယ်စား လှယ်ပြော

HRW အဖွဲ့က မှတ်တမ်းတင်ထားတဲ့ ရသေ့တောင်မြို့နယ်ထဲက ချိန်ခါလီ ကျေးရွာက အိမ်ခြေ ၇၀၀ လောက် မီးလောင်နေတဲ့ ဂြိုဟ်တုရုပ်ပုံကို တွေ့ရစဉ်
HRW အဖွဲ့က မှတ်တမ်းတင်ထားတဲ့ ရသေ့တောင်မြို့နယ်ထဲက ချိန်ခါလီ ကျေးရွာက အိမ်ခြေ ၇၀၀ လောက် မီးလောင်နေတဲ့ ဂြိုဟ်တုရုပ်ပုံကို တွေ့ရစဉ် (Photo: Human Rights Watch)

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ထုတ်ပြန်တဲ့ ချိန်ခါလီကျေးရွာ မီးလောင်တာဟာ အကြမ်းဖက်သမားတွေက မီးရှို့ထွက်ပြေး တာဖြစ်ကြောင်း အဲဒီကျေးရွာဟာ အကြမ်းဖက်သမားတွေကျေး ရွာဖြစ်ကြောင်း ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင် က ပြောပါတယ်။

မနေ့က စက်တင်ဘာလ ၂ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ HRW ရဲ့ အစီရင်ခံစာမှာ ရသေ့တောင်မြို့နယ်က ချိန်ခါ လီကျေးရွာမှာ အိမ်ခြေ ၇၀၀ လောက် မီးလောင်ကျွမ်းနေတာကို ဂြိုဟ်တုကနေ ရိုက်ကူးတဲ့ အချက်အလက်နဲ့ ဖေါ်ပြ ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာအက်ဖ်အေက အစိုးရထံမေးမြန်းဖို့ ကြိုးစားပေမယ့် အဆင်မပြေခဲ့ပါဘူး။ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ဘယ်လိုသိရှိထားသလဲ မေးမြန်းရာမှာ အခုလို ဖြေကြားပါတယ်။

"ချိန်ခါလီမှာတော့ အစွန်းရောက်သမားတွေက ကိုယ့်ဟာကိုယ် အကုန်လုံး ရှို့သွားတာ။ လမ်းတွေမှာ အကုန်မိုင်းတွေ။ ချိန်ခါလီနဲ့ ကိုးတန်ကောက်မှာ သွားလို့မရဘူး။ မိုင်းတွေချည်းပဲ အကုန်လုံး။ ကျနော်တို့ ရသေ့တောင်မြို့နယ် အပိုင်းမှာရှိတဲ့ ချိန်ခါလီနဲ့ ကိုးတန်ကောက် ရွာတွေကတော့ဗျာ အကုန်လုံး အကြမ်းဖက်သမားတွေချည်းပဲ။ သူတို့က ကိုယ့်ဟာကိုယ် မီးရှို့တယ်။ ထွက်သွားတယ်။ ထွက်ပြေးတယ်။ ပြီးရင် ပြန်လာနေတယ်။ ပြန်လာနေပြီးတော့ လမ်းသွား လမ်းလာတွေကို၊ ထောက်ပံ့ရေး ပေးတဲ့သူတွေ ကို သေနတ်နဲ့ပစ်တယ်။ ပြီးတော့ ပြန်ပြေးသွားတယ်။ ပြီးရင်ပြန်လာတယ်။ အဲဒီအဆောက်အဦးတွေ မှာ ပြန်ခိုတယ်။ အဲဒီလို လုပ်နေလို့ ကျနော်တို့ လမ်းလုပ်တဲ့ ဆောက်လုပ်ရေး ဝန်ထမ်းတွေပေါ့နော် မောင် သိန်းအောင်နဲ့ ဇော်ဇော်သူဆိုတဲ့ နှစ်ယောက်က ဒဏ်ရာရလို့ စစ်တွေဆေးရုံမှာ တက်ရတယ်ခင်ဗျ။"

ချိန်ခါလီကျေးရွာ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး ဘာကြောင့် ဖြစ်ရသလဲဆိုတာကို အစိုးရအနေနဲ့ သီးသန့် လွတ်လပ်တဲ့ စုံစမ်းဖေါ်ထုတ်မှုကို ခွင့်ပြုပေးဖို့ HRW အဖွဲ့က အစိုးရထံ တောင်းဆိုထားပါတယ်။

HRW အဖွဲ့ရဲ့ အာရှရေးရာ ဒုတိယဒါရိုက်တာ Mr. Phil Robertson က "ဂြိုဟ်တုကနေ အသစ်ရတဲ့ဓါတ်ပုံအရ အဲဒီမွတ်စလင်ကျေးရွာဟာ တရွာလုံး ကုန်သလောက်ဖြစ်သွားတာ တွေ့ရပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် ရခိုင်မြောက်ပိုင်းက ကျေးရွာတွေဟာ အရင်က ထင်ထားတာထက် အခြေအနေ ပိုဆိုးနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကို ဖြစ်စေပါတယ်" ဆိုပြီး HRW ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။