စက်သုံးဆီ ကုမ္ပဏီတွေကို ဒေါ်လာဆယ်သန်းနီးပါး ရောင်းပေးခဲ့ကြောင်း ဗဟိုဘဏ်ပြော
2023.12.19

စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ဒီဇင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကနေ အမေရိကန်ဒေါ်လာ ၉.၇၂ သန်း ရောင်းချပေးခဲ့တယ်လို့ ဗဟိုဘဏ်က မနေ့ကပဲ ထုတ်ပြန်ပါတယ်။
မနေ့က စက်သုံးဆီဆိုင်တွေကို ဒေါ်လာရောင်းချပေးတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို RFA က အကြိမ်ကြိမ်ဖုန်းခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်းက စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်ခဲ့ပြီး ကားအစီးရေ ရာနဲ့ချီ တစ်နေကုန် တန်းစီဝယ်ယူခဲ့ကြရပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ဆီသင်္ဘောတွေ အဆက်မပြတ်ရောက်ရှိနေပြီး ဆီပြတ်လပ်မှုမရှိဘူးလို့ မကြာခဏ ထုတ်ပြန်ပြောဆိုပါတယ်။
ဗဟိုဘဏ်က Online trading ငွေလဲနှုန်းကို အရင်က တစ်ဒေါ်လာကို ၂၉၂၀ ကျပ်နှုန်း သတ်မှတ်ထားရာကနေ ဒီဇင်ဘာ ၅ ရက်ကစပြီး ပြင်ပပေါက်စျေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုခဲ့ပါတယ်။
မနေ့က စက်သုံးဆီဆိုင်တွေကို အမေရိကန်ဒေါ်လာ ဘယ်စျေးနှုန်းနဲ့ ရောင်းပေးခဲ့သလဲ ဆိုတာကိုတော့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။
ဒါ့အပြင် ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပြည်ပပို့ကုန်ရငွေ ငါးဆယ်ရာခိုင်နှုန်းကို အရင်က ဗဟိုဘဏ်ကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ ပြန်လည်ပေးသွင်းခဲ့ရာကနေ အခုတော့ ၃၅ ရာခိုင်နှုန်းသာပေးသွင်းဖို့ ဖြေလျှော့ပေးခဲ့ပါတယ်။
ဒီလိုဖြေလျှော့မှုကြောင့် စက်သုံးဆီ အပါအဝင် သွင်းကုန်ကဏ္ဍမှာ သက်ရောက်မှုရှိနိုင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်းမီဒီယာတွေကို ဖြေဆိုထားပါတယ်။
ပြည်ပကတင်သွင်းနေရတဲ့ ကုန်စည်တွေထဲမှာ စက်သုံးဆီကို သွင်းကုန်ပထမဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက သတ်မှတ်ထားပါတယ်။