ဟားခါးမှာ သန်းခေါင်စာရင်း ကောက်တဲ့အဖွဲ့ တိုက်ခိုက်ခံရ
2024.10.02
ချင်းပြည်နယ် ဟားခါးမြို့မှာ အောက်တိုဘာ ၁ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေ မြို့ထဲရပ်ကွက်တချို့မှာ သန်းခေါင်စာရင်း ကောက်ယူနေချိန် တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဟားခါးမြို့ပေါ်က ဈေးဟောင်းရပ်ကွက်၊ အစိုးရ မူကြိုကျောင်းနဲ့ ရဲစခန်းအနီးက လူနေအိမ်တွေမှာ တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က သန်းခေါင်စာရင်း စကောက်တာ ရဲစခန်းနားက ရပ်ကွက်တွေမှာ သန်းခေါင်စာရင်းကောက်လို့ ပစ်ခတ်သံတွေတော့ မနက်ပိုင်းမှာ ကြားရတယ်။ တစ်မြို့လုံးကိုတော့ မကောက်သေးဘူး။ သူတို့ လုံခြုံတယ်လို့ ယူဆရတဲ့ရပ်ကွက်တွေမှာ ကောက်တယ်”
ဒီတိုက်ခိုက်မှုမှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ဟားခါးအဖွဲ့ရဲ့ ပြောခွင့်ရသူကတော့ ဟားခါးမြို့ ရဲစခန်းအနီးမှာ သန်းခေါင်စာရင်းကောက်ချိန် တိုက်ခိုက်တာလို့ RFA ကို အတည်ပြုပြောပါတယ်။
“မနေ့ကတော့ လုံခြုံရေးစောင့်ပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်တာ ထိခိုက်မှုရှိတာ မရှိတာတော့ အသေးစိတ် မသိသေးဘူး။ သူတို့ ဆက်လက်ပြီး ကောက်ယူမှုတွေ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့ဘက်က တိုက်ခိုက်မှုတွေ ဆက်လုပ်မှာပါ”
CDF - Hakha တပ်ဖွဲ့က သန်းခေါင်စာရင်း ကောက်ယူရာမှာ ပူးပေါင်းပါဝင်နေတဲ့ Non-CDM ဝန်ထမ်းတွေကို ပစ်ခတ်သွားမယ်လို့ စက်တင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ချင်းပြည်နယ်က မြို့နယ် ကိုးမြို့နယ်ထဲမှာ ဟားခါးမြို့ပေါ်နဲ့ ဖလမ်းမြို့လောက်သာ သန်းခေါင်စာရင်း စကောက်နိုင်တာဖြစ်ပြီး ကျန်တဲ့မြို့နယ်တွေမှာ သန်းခေါင်စာရင်း ကောက်ယူတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ချင်းလက်နက်ကိုင်တပ်တွေ ပူးပေါင်းစုဖွဲ့ထားတဲ့ ချင်းညီနောင်အဖွဲ့ကလည်း သူတို့လှုပ်ရှားနယ်မြေမှာ သန်းခေါင်စာရင်းကောက်ရင် အရေးယူမှုနဲ့ တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ပြောထားပါတယ်။
စစ်ကောင်စီက နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူမှုကို အောက်တိုဘာ ၁ ရက် မနေ့ကစလို့ လုံခြုံရေးတင်းကျပ်ပြီး ကောက်ယူနေပါတယ်။