၂၀၁၄ သန်းခေါင်စာရင်းအတွက် ပထမအဆင့်လုပ်ငန်းစတင်
မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၄ ကျရင် ပြည်လုံးကျွတ် ကောက်ခံမယ့် သန်းခေါင်းစာရင်းကို အဆင့် ၄ ဆင့်နဲ့ သတ်မှတ်ကာ ကောက်ယူမယ့်အထဲက ပထမအဆင့်ဖြစ်တဲ့ ကြိုတင်ပြင်ဆင်ခြင်း အဆင့်ရဲ့ လုပ်ငန်းတွေကို စတင်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။
-
2012-09-04 -
-
-
RFA က ဝန်ကြီး ဦးခင်ရီကို သီးသန့် ဆက်သွယ် မေးမြန်းရာမှာ မြန်မာနိုင်ငံအတွင်း ၁၉၈၃ ခုနှစ်က စလို့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိခဲ့ဘဲ အခုနှစ်ပေါင်း ၃၀ ကျော်ကြာမှ ပထမဆုံးအကြိမ် ပြန်လည်ကောက်ယူမှာ ဖြစ်တယ်လို့ ပြောပါတယ်။
"၂၀၁၄ မှာ ကျွန်တော်တို့ ကောက်ပါမယ်။ အဆင့် ၄ ဆင့်နဲ့ လုပ်ပါမယ်။ နံပါတ်တစ်က ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ခြင်း အဆင့်ပါ။ ဒုတိယအဆင့်က စာရင်းဆင်းကောက်တဲ့ အဆင့်ပါ။ တတိယအဆင့်ကတော့ ကောက်ပြီးတဲ့ စာရင်းကို ပြန်လည်စုစည်းခြင်း၊ ပြင်ဆင်ခြင်း အဆင့်ပါ။ နောက်ဆုံးအဆင့်က စာရင်းထုတ်ပြန်ခြင်း အဆင့်ပါ။ အခုကျွန်တော်တို့က ကြိုတင်ပြင်ဆင်ခြင်း အဆင့်ကိုရောက်နေပါပြီ။ စုစုပေါင်း ၃၅ လ လုပ်ရပါမယ်။ အဲဒီမှာလည်း step တွေအများကြီးပေါ့ဗျာ။ စသည်ဖြင့် ကျွန်တော်တို့ ကောက်ကွက်တွေ ခွဲနိုင်ဖို့အတွက် မြေပုံတွေ ဆွဲတာတို့ စသည်ဖြင့် လူတွေကို publicity campaign လုပ်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်တာတို့၊ လုပ်သားပြည်သူတွေကို မေးရမဲ့ မိန့်ခွန်း ပြင်ဆင်ခြင်းတို့ စသည်ဖြင့်ပေါ့နော်၊ အဲလိုလုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ တဆင့်ပြီးတဆင့် သွားနေတဲ့ သဘောရှိတာပေါ့။ ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ လုပ်ရမှာပါ။ ခုတော့ ကြိုတင်ပြင်ဆင်ခြင်း ကာလကို လအလိုက်၊ လအလိုက် ဒီ according to the schedule ပေါ့။ အဲဒီအတိုင်း ကျွန်တော်တို့ ပြီးအောင် ဆောင်ရွက်နေပါတယ်"
သန်းခေါင်စာရင်း ကောက်ယူမှုကို နိုင်ငံတကာ စံချိန် စံနှုန်းတွေနဲ့အညီ ကောက်ယူနိုင်ဖို့ စီစဉ်နေပြီး ကုလသမဂ္ဂနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးထားပါတယ်။ ဒါ့အပြင် နိုင်ငံတချို့ကလည်း ကူညီဖို့ ဆက်သွယ် ကမ်းလှမ်း နေတာတွေလည်း ရှိနေတယ်လို့ ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။
"လောလောဆယ်တော့ ကျွန်တော်တို့ UN နဲ့ လက်မှတ်ထိုးထားပါတယ်။ လက်မှတ်ထိုးထားပြီးတော့ အခုလောလောဆယ်တော့ ရန်ကုန်မှာ UNFPA ပေါ့၊ United Nations Fund for Population။ အဲဒီအဖွဲ့ရဲ့ အဓိကထားပြီး ဆောင်ရွက်နေပါတယ်။ ကျန်တဲ့ဒီဥစ္စာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသော နိုင်ငံတော်တော် များများကလည်း ကျွန်တော်တို့ နိုင်ငံကို လာပြီး ဆက်သွယ်နေတာ ရှိနေပါတယ်ဗျာ။ အဓိက ကတော့ ပြည်တွင်းအားကို အခြေခံပြီး နိုင်ငံတကာ အကူအညီနဲ့ ဆောင်ရွက်ရမဲ့ သဘောပါ"
သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်တွင် စတင်ကောက်ခံပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ တစ်ကမ္ဘာလုံးကို လူဦးရေ စာရင်းအမှန် တရားဝင် ကြေညာနိုင်မှာ ဖြစ်ကြောင်းနဲ့ လက်ရှိအစိုးရ သက်တမ်းအတွင်း ပြီးစီးဖို့ ခန့်မှန်းထားတယ်လို့လည်း ဝန်ကြီးက ပြောသွားပါတယ်။