အိမ်ထောင်စု ၁၀ သန်းကျော် သန်းခေါင်စာရင်း ကောက်ယူပြီးစီး

ဝိုင်းမော်မြို့နယ် သာဂရသရက်တော ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းမှာ ဧပြီလ ၃ ရက်နေ့က သန်းခေါင် စာရင်းကောက်ယူစဉ်
ဝိုင်းမော်မြို့နယ် သာဂရသရက်တော ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းမှာ ဧပြီလ ၃ ရက်နေ့က သန်းခေါင် စာရင်းကောက်ယူစဉ် (photo: Kyaw Myo Min/RFA)

0:00 / 0:00

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှုမှာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ကောက်ခံပြီးစီးခဲ့ပြီး သန်းခေါင်စာရင်း မပေးရသေးသူတွေအတွက် တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်ဖွင့်လှစ်ပေးထားကြောင်း လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။

သန်းခေါင်စာရင်း မပေးရသေးသူတွေဟာ လာမယ့် ဧပြီလကုန်အထိ ဆက်သွယ်ပြီး သန်းခေါင်စာရင်းပေး သွင်းနိုင်ကြောင်း နေပြည်တော် လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာန သန်းခေါင်စာရင်းကောက် ယူရေးအဖွဲ့ စာရင်းပြုစုရေးနဲ့ အချက်အလက် ဆန်းစစ်လေ့လာရေးအဖွဲ့က ဒေါက်တာခိုင်ခိုင်စိုး က ပြောပါတယ်။

"မကောက်ခံရသေးတဲ့ အိမ်ထောင်စုတွေ ရှိနိုင်ပါတယ်၊ ခရီးသွားလို့ကျန်သွားတဲ့ ကိုယ့်မိသားစုဝင်တွေ ကျန်နိုင်ပါတယ်၊ အနီးစပ်ဆုံး ရယက ရုံးတွေ၊ ဒါမှမဟုတ် လဝက ရုံး ဒါမှမဟုတ်ရင် သန်းခေါင်စာရင်း ကွပ်ကဲရေးရုံးတွေရှိပါတယ်၊ နီးစပ်ရာရုံးကို အကြောင်းကြားပြီးတော့ ဆက်သွယ်ပေးပါ၊ နောက်ဆုံးဆက်သွယ်လို့မရဘူးဆိုရင် ကျမတို့ 1840 hotline ဖွင့်ထားပါတယ်၊ ဧပြီလကုန်အထိ ကျမတို့ဖွင့်ထားပါတယ်၊ ဆက်ပေးပါ၊ ကျမတို့ ချက်ချက်းလုပ်ပေးပါ့မယ်"

ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ကေအိုင်အို ထိန်းချုပ်နယ်မြေတစ်ချို့တို့မှာ သန်းခေါင်စာရင်းကောက်ခံဖို့ ကျန်နေသေးတယ်လို့လည်း ဒေါက်တာဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူပြီးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေစာရင်းကို လာမယ့်နှစ် ၂၀၁၅ ခုနှစ် မတ်လလောက်မှာ ထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။

ဒေါက်တာဒေါ်ခိုင်ခိုင်စိုးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။